Friday, October 25, 2013

ပင်စင်စားတွေရဲ့ နိုင်ငံရေးလက်ဖက်ရည်ဝိုင်း


၂၀၁၅ မြန်မာ့ ဒီမိုကရေစီ ခရီးကြမ်းကြီးကို လက်ဖက်ရည်ဆိုင်စကားဝိုင်းမှာ ဆွေးနွေးမိတယ်။
ပထမအင်အားစု အဖြစ် လက်ရှိအာဏာရပါတီကိုလည်း ထည့်တွက်ထားရမယ်။ ဒုတိယ အင်အားစုကတော့ ထွေထူးပြီး ပြောနေစရာမရှိဘူး။ အမေစုရဲ့   NLD ပေါ့။ တတိယအင်အားစု မှာတော့ အမြင်တွေ ကွဲပြားသွားကြတယ်။ ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် တို့ အဖွဲ့ ပါတီ အဖြစ်ပြောင်းလဲလာခဲ့ရင်ကော တတိယအင်အားစုအဖြစ်ရပ်တည်နိုင်မလား။ ဒါမှမဟုတ် တတိယ အင်အားစုအသစ်ကော ထွက်ပေါ်လာနိုင်စရာအကြောင်းရှိနိုင်မလား။

လတ်တလောသတင်းတွေအရ ဦးသိန်းစိန် ထပ်မပြိုင်တော့ဘူးဆိုပြီး ဦးရွှေမန်းကတော့
အတည်ပြု ထားတယ်။ ဦးဌေးဦးကလည်း သမ္မတအဖြစ်အရွေးချယ်ခံမယ်လို့ လေသံပစ်
ထားပြန်ရော.....ဦးရွှေမန်းရဲ့  လတ်တလောဆောင်ရွက်ချက်တွေနဲ့ ပုဒ်မ (၅၉) ခ အပေါ်
သဘောထားတွေကြောင့် လက်ရှိ လူကြိုက်များနေတယ်။ ဒါပေမယ့် သူအခြေခံမယ့်
ပါတီကတော့ သိတဲ့ အတိုင်း။ ဒီတော့ ဘက်ပြောင်းနိုင်ခြေရှိမလား။ ဒါလည်း တွေးစရာ
ဖြစ်ကြောင်း အားလုံးက လက်သင့်ခံကြတယ်။ မထင်မှတ်ပဲ ငုတ်ကောင် တစ်ကောင်
ထပ်ပေါ်လာလို့ သိပ်တော့ မအံ့သြပါဘူး။ ငုတ်ကောင်ကတော့ တချိန်က မင်းသားကြီး
လေ။ ဘဘဦးဝင်တင်နဲ့ နာရေးတစ်ခုမှာ တွေ့ပြီး နုတ်ဆက်တဲ့ သတင်းတွေပလူပျံလာတယ်။
ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ်ဆိုတာကောပေါ့။

တတိယအင်အားစုအဖြစ် မှန်းဆနိုင်စရာတွေက များလာတယ်။ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့် ပတ်သက် မှုကိုလည်း ဆက်တွေးကြည့်မိတယ်။ ဦးရွှေမန်းဆိုတာ ဦးခင်ရွှေနဲ့က ခမည်းခမက်။
ဦးခင်ရွှေဆိုတာဦးခင်ညွှန့်ရဲ့လက်ရှိလူမှုရေးလုပ်ငန်းတွေအတွက် အဓိက ထောက်ပံ့ နေသူ။ ရွှေ၊ ခင်၊ ညွှန့် (၃) ယောက်တွဲကစားကွက်က တတိယအင်အားစုဖြစ်နိုင်မလား။

ဒီနေရာမှာ ပြည်သူလူထုကိုမယုံလို့မဟုတ်ကြောင်းစကားဦးသန်းထားချင်တာက၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အစိုးရဖွဲ့နိုင်လောက်တဲ့ ကိုယ်စလှယ်အရေအတွက် မရဘူးဆိုပါစို့။ တိုင်းရင်းသားပြည် နယ်တွေမှာ တိုင်းရင်းသားတွေပဲ ရနိုင်မယ်။ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ NLD မဟုတ်ကြံ့ခိုင်ရေး မဟုတ်ရင် ဘယ်ပါတီကို မဲပေးမလဲ။လက်ရှိအားကောင်းနေတဲ့ လှုပ်ရှားမှု၊ ပြည်သူတွေကို
အကြောက်တရားတွေ ရင်ထဲထည့်စေပြီး မျိုးချစ်စိတ်တွေ နင်းကန်တည်ဆောက်နေတဲ့ အင်အား စုတွေက နိုင်ငံအနှံ့အပြားမှာ အားကောင်းလာတယ်။သူတို့သာ ပါတီဖြစ်လာ ခဲ့ရင် ပြည်သူ့ မဲတွေ က သူတို့ဆီကိုအမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေးခေါင်း စဉ်အောက် ကနေ အလွယ်တကူရောက်သွားနိုင်မယ်။သူတို့က ဘယ်သူတွေဖြစ်မလဲဆိုတာတော့စိတ်ဝင်စား စရာပါ။ သေချာတာက မင်းသားမပါပဲနဲ့ တော့ ရုပ်ရှင်မရိုက်ဘူး။ လက်ရှိ နာမည်ရ မင်းသားတော့ ပါမှကို ဖြစ်တော့မှာပေါ့..........

စိတ်ဝင်စားစရာ မြန်မာ့အရေး နဲ့ ငုတ်ကောင် ဘယ်သူဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ စကား လက်စသတ်လိုက်ကြတယ်။လက်ဖက်ရည်ဆိုင် စကားဝိုင်းလေးကတော့ ထုံးစံအတိုင်း အတွေးတွေ ဗရဗွနဲ့။ ပင်စင်စားတွေရဲ့  ညနေခင်းဟာ သတင်းစာတစ်စောင် ၊ ကျဆိမ့် ရိုးရိုးတစ်ခွက်နဲ့ ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်ကို ထိုင်ကြည့်နေရသလိုမျိုး.ရသမျိုးစုံတဲ့နိုင်ငံရေး မှာ အာတွေတောင် အတော်ခြောက်သွားပုံများ...
                          " ညီလေးရေ...... ရေနွေးတစ်အိုးကွာ...." တဲ့.........

မိုးဝေသော်

No comments:

Post a Comment