Tuesday, October 22, 2013

လက်မဲကြီး



ကျွန်တော် ဒီအကြောင်းတွေပဲ ရေးနေရတာအကြောင်းရှိသည်။ ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်
ကို တစ်ကမ္ဘာလုံးဆွတ်ယူစားသောက်နေချိန်တွင် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ဆာလောင်
မွတ်သိပ်စွာ တောင်းဆိုစောင့်စားခဲ့ရတာ နှစ်ပေါင်း (၅၀) ကျော်ပင်။ ပြောရရင် မျိုးဆက် (၂)
ဆက်စာလောက်စောင့်စားနေခဲ့ရတယ်။ ယခုသော် ရောင်နီလင်းစပြုလာချိန်တွင် နောက်ကွယ်မှ
လက်မဲကြီးများစွာတို့ဖြင့် လူထု၏ အမြင်အာရုံတို့ကို ဝေဝါးသွားစေရန် စနစ်တကျဖြင့် ကာဆီး
ရန်ကြိုးစားလာကြသည်။ဒီနေရာမှာ နောက်ကြောင်းပြန်လှည့်မှာတို့ စစ်တပ်ကအာဏာပြန်သိမ်း
မှာတို့ စသည့် ရိုးအီနေပြီး လူကြိုက်နည်းတဲ့ ကစားကွက်အကြောင်းခေါင်းထဲက ထုတ်ထားပြီး
ကစားကွက်အသစ်တွေ စဉ်းစားကြည့်ကြရအောင်။

ဖြစ်စဉ် (၁)

တမင်ရည်ရွယ်ရင်းမဟုတ်နိုင်သော်လည်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို အကြောင်းပြုပြီး
အမျိုးသားရေးလှုပ်ရှားမှုတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ အားကောင်းလာကြသည်။
ကိုယ်တိုင်လည်း အမျိုးသားရေးစိတ်ဓါတ်ထက်သန်သူဖြစ်သောကြောင့် လက်ခုပ်တီးပေး
ရုံသာ ရှိသော်လည်း အဆိုပါ လှုပ်ရှားမှုများမှာ များမကြာမီပင် လမ်းကြောင်းပြောင်းလဲ သွား သည်ကို အထင်အရှားတွေ့မြင်နေရသည်။ NLD နှင့် အမေစု ကို သိသိသာသာပင် ထိပါးစော် ကား တိုက်ခိုက်လာကြသည်။ မွတ်ဒေါင်းပါတီ ဆိုပြီး သမုတ်ခဲ့ကြသည်။ အာဏာရပါတီနှင့်  ပတ်သက်ပြီး လေသံ တစွန်းတစမျှပင်မဟ။ ဟောပြောပွဲများ၊စည်းရုံးပွဲများလက်မှတ်ထိုးပွဲ များ ၊တရားပွဲများဖြင့် လူထု ၏ အမြင်အာရုံကို ဖမ်းစားထားကြသည်။မျိုးစောင့်ဥပဒေ ကို ကန့်ကွက်ပါက မဲမရအောင်လုပ်မည်ကဲ့သို့သော် ခြိမ်းခြောက်အကြပ်ကိုင်မှုများကိုလည်း  လူသိထင်ရှား ပြောဆိုလာကြသည်။

ဖြစ်စဉ် (၂)

၂၀၁၅ အလွန်သမ္မတဖြစ်နိုင်ချေရှိသော ပုဂ္ဂိုလ်မှာ လက်ရှိ (၂) ဦးသာရှိနေပါသည်။ ဦးသိန်းစိန်   နှင့်ဦးရွှေမန်းပေါ့။ အခြေခံဥပဒေကို သာ အောင်မြင်စွာ ပြင်နိုင်ခဲ့မည်ဆိုလျှင် အမေစုပါ သမ္မတ ဖြစ်နိုင်သည်။ ၂၀၁၅ ရောက်ရန်အတွက်လည်း လပေါင်း (၂၅) လစွန်းစွန်းသာကျန်တော့ သည်။ လူထုတစ်ရပ်လုံး၏ စိတ်ဝင်စားမှုအလုံးစုံသည် အခြေခံဥပဒေပေါ်တွင်သာ အာရုံစိုက်နိုင် ရန်လည်းအထူးလိုအပ်နေပေသည်။ နိုင်ငံ၏ ကံကြမ္မာ၊ နောက်မျိုးဆက်တွေ၏ ကံကြမ္မာမှာ အခြေခံဥပဒေအပေါ်လူထုစိတ်ဝင်စားမှုနှင့် ပြုပြင်နိုင်ရန်အတွက် တက်ကြွစွာ ဝိုင်းဝန်းတောင်းဆို ဆန္ဒပြုရန်အထူးလိုအပ်နေချိန်လည်းဖြစ်သည်။ NLD ၏ အသိပညာရှင် အတတ်ပညာရှင် များစွာထဲမှ ရှေ့ နေကြီးဦးကိုနီကို အခြေခံဥပဒေပြုပြင်ရေးနှင့်ပတ်သက်ပြီး တာဝန်ပေးထား ခဲ့ သည်။ ဦးကိုနီနှင့် ဥပဒေရေးရာများအကြောင်းကို သူ့ရေးတဲ့စာတွေဖတ်ဖူးတဲ့သူများ၊သူ့ သင်တန်းတွေ မှာ တက်ရောက်ခဲ့ဖူးသောဥပဒေကျောင်းသားများ ကောင်းစွာသိပါသည်။ ဒီအချိန် မှာ အမျိုးသားရေးဝါဒီတို့ တစ်စခန်းထလာပြန်ပါသည်။ ဦးကိုနီကို ဘာသာခြားမို့ ပြုပြင်မည့် အခြေခံဥပဒေဟာလည်း သူ့ဘာသာ သူ့လူမျိုးအကျိုးစီးပွားအတွက်သာဖြစ်မည်ဟု မှိုင်းတိုက် လာ ကြပြန်ပါသည်။NLD သာ အာဏာရလာခဲ့လျှင် မွတ်နိုင်ငံကြီးဖြစ်သွား လိမ့်မည် ဟု   ရေးသားဟောပြောစည်းရုံးမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင် လာကြပြန်ပါသည်။ ဘာသဘောတွေ  လည်းဆိုတာ စေ့စေ့တွေး ရေးရေးမြင်နိုင်ပါသည်။

ဖြစ်စဉ် (၃)

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအခြေခံဥပဒေပြုပြင်ရေးကိစ္စပေါ်ပေါက်လာချိန်တွင် နိုင်ငံရေး
စကားတွင်တွင်ပြောလာသည်ကို သတိထားမိသည်။အမျိုးသားရေးနှင့် နိုင်ငံရေးခွဲခြားမရဆိုပြီး အသံကောင်းဟစ်ကြပြန်ပါသည်။လွန်ခဲ့သော နှစ်ဆန်းပိုင်းလောက်ထိ နိုင်ငံရေးအခင်းအကျင်းမှာ
 ပြည်သူတစ်ရပ်လုံး၏တခဲနက်ထောက်ခံထားမှုများက NLD ပေါ်တွင်သာ စုပုံနေသည်။ ၂၀၁၅ အတွက်အဖြေပင် ထွက်နေလေပြီ။သို့သော် ဖြစ်ပေါ်လာသော အရေးအခင်းများ၊ပဋိပက္ခများနှင့် အခြားအရာများကြောင့် လူထု၏ အသိအမြင်အချို့ ဝေဝါးကုန်ကြပြီ။သမ္မတဖြစ်ချင်သူ သုံးဦးအကြောင်းပြန်ဆက်ပါဦးမည်။ သမ္မတဖြစ်လိုသူ သုံးဦးအနက်(၂) ဦးမှာ အာဏာရပါတီ တစ်ခု တည်းမှ ဖြစ်သည်။ ပါတီတွင်းမှာကိုပင် သမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းနိုင်   ရန် ပြိုင်ဆိုင်ရဦးမည့်သဘောပင်။ ထိုမှတဆင့် ဝင်ရောက်အရွေးချယ်ခံသော မဲဆန္ဒနယ်တွင် လည်းအနိုင်ရရှိရန် လိုအပ်နေသေးသည်။ ထိုအဆင့်မှာ ယခင်ကအတိုင်းဆို မလွယ်ပင်။ ကြားဖြတ်ရွေးကောက်ပွဲတွင်နေပြည်တော် မဲဆန္ဒနယ် (၄) နေရာက သက်သေပင်။  NLD ကို ယနေ့တိုင် တိုက်ခိုက်နေသော အမျိုးသားရေးဝါဒီတို့၏ ရည်ရွယ်ချက်ကို မှန်းဆမိလာသည်။ ၄င်းတို့သည် ဘာသာရေးရည်ရွယ်ချက်၊အမျိုးသားရေးရည်ရွယ်ချက်မဟုတ်   နိုင်ငံရေးရည် ရွယ် ချက်ဖြင့် တိုက်ခိုက်နေခြင်းသာဖြစ်သည်။

၂၀၁၅ အတွက် အခင်းအကျင်းသစ်ကို ကြိုတင် စိတ်ကူးမိသည်။ နယ်တွေမှာ စဖွဲ့နေတဲ့ ဝံသာနုရက္ခိတဆိုတဲ့ အသင်းတွေကနေ မကြာခင် နိုင်ငံရေးပါတီတစ်ခုလာဖြစ်ဖို့ များတယ်။ ခုလည်း နှပ်ကြောင်းပေးနေပြီပဲ။ကြိမ်းသေ မဲရနိုင်ချေရှိတဲ့ နေရာတွေကတော့ ယခုထိ ပဋိပက္ခ ဖြစ်ထားခဲ့တဲ့ နေရာတွေပေါ့။ တဖက်ကလည်း အခြေခံဥပဒေပြုပြင်ရေးကို ဆရာဦးကိုနီ ကိုအကြောင်းပြပြီးကန့်ကွက်ကြနဲ့ဆိုတော့အတော်ကြည့်ကောင်းတဲ့ပွဲပါ။ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ပိတ်ကားပေါ်မှာပဲဆက်ကြည့်ဖို့ရှိတော့တယ်။အခြေံဥပဒေ ပြုပြင်နိုင်ရင် အကျိုးရှိမှာ ပြည်သူတွေပဲဖြစ်သည်။ မပြုပြင်ပဲ ဒီလူတွေနဲ့ ဒီအတိုင်းပဲ ဆက်သွားနေရင်တော့ ဘယ်သူတွေ အကျိုးဆက်ရှိနေဦးမှာလဲ။တွေးစရာပင်။

လှည့်ကွက်တွေ၊ဆင်ကွက်တွေ၊ဖန်တီးထားတဲ့ကစားကွက်တွေကိုနားယောင်မိနေမယ်ဆို ရင်တော့ နောက်ငါးနှစ်ဆက်မှောင်နေရဦးမှာပဲ။ သမ္မတဖြစ်ထိုက်သူသုံးဦးထဲမှာ အမေစုလောက် ဘယ်သူ့ကို ယုံကြည်မလဲဆိုတဲ့ မေးခွန်းပဲ ကိုယ်တိုင် ပြန်မေးပြီး တိုင်းပြည်၏ ကံကြမ္မာ၊ အနာဂါတ်မျိုးဆက်တွေရဲ့ ကံကြမ္မာက သင်ကိုယ်တိုင်၏ လက်ထဲတွင်သာ ရှိသည်မို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေရန် ရည်သန်ရေးသားလိုက်ရပါသည်။

မိုးဝေသော်

No comments:

Post a Comment