Sunday, December 8, 2013

မေ



မေ သည် ကျတော့်ဆိုင်ရှိရာသို့ မနက်တိုင်း မပျက်မကွက် ထမင်းချိုင့်လာပို့ပါသည်။ယခင် ဆိုင်မဖွင့်ခင်ကာလများတွင်လည်း (၇) လမ်း တိုင် ကွာခြားထားသော ကျတော့်အိမ်ရှိရာထိတိုင် ထမင်းချိုင့်လာပို့ပေးလေ့ရှိသည်။မေ သည် ကျတော့်ကို အလွန်ချစ်သည်။ ကျတော်သည် လည်း မေ့ ကို ချစ်သည်။ မေ သည် ညိုသော အသားအရေကို ပိုင်ဆိုင်ထားသည်။ ဆံဖြူများကို ယခင်က ဆေးဆိုးဖုံးကွယ်ထားသော်လည်း ယခုသော် ဆေးဆိုးသည့်ဟန်မရှိ။ ဆေးဆိုးဖို့ အလုပ်မအားတာလည်း ဖြစ်နိုင်သည်။ ကျတော်သည် မေ နှင့် ပတ်သက်၍ မသိတာ အတော်များနေပေပြီ။ မေ့ မွေးနေ့ကို ကျတော်မသိပါ။ မေ့ အသက်ကို ကျတော်မသိပါ။ ယုတ်စွအဆုံး မေ ပင်စင်ယူခါနီးထိတိုင် ကျတော်မသိခဲ့ပါ။ မေ ၏ လက်ဖမိုးတွင် အကြောတွေ ပြိုင်းပြိုင်းထ နေသည်။ မေ ၏ လက်မောင်းသားများသည်လည်း ပျော့ အိ တွဲ ကျနေသည်။ ဒီ လက်မောင်းသားများတွင် အိပ်စက်ခဲ့ဖူးစဉ်က တလောကလုံးတွင် အလုံခြုံ ဆုံးနေရာလေး ဖြစ်ခဲ့ဖူးသည်မှာ ယခုထက်တိုင်ပင်။ မေ့ ရင်ခွင်ထဲ ခေါင်းဝင်တိုးပြီး မေ့ ချွေးနံကို ရှုရှိုက်ရသည်ကို ငယ်စဉ်က ကျတော်နှစ်သက်ခဲ့သည်။ မေ့ ကို ဖက်ပြီး လက်မောင်း သားပေါ် တွင် ပြန်လည်အိပ်စက်ကြည့်ချင်သည်။

မေ သည် ကျတော့်ကို ကောင်လေး ဟုအများအားဖြင့် ခေါ်လေ့ရှိသည်။ ကျတော် အကြိုက်ဆုံးနာမ်စားလေးလည်းဖြစ်သည်။မေ သည် လိုင်းကားဖြင့် တစ်နာရီကျော်ကြာအောင် ကွာဝေးသော ခရီးသို့ နေ့စဉ်အသွားအပြန်လုပ်ပြီးကျောင်းတက်ရပါသည်။ မေ သည် အလုပ်ကို တန်ဖိုးထားလေးစားသောသူဖြစ်သည့်အတွက်မိုးရွာ၊နေပူ၊ချမ်းအေးနေသည့်တိုင် ကျောင်းတက်
ပျက်ကွက်ခဲ့သည်မရှိပေ။ ဇရာ နှင့် ဝေဒနာ ကိုတော့ မေသည် ရှောင်လွှဲလို့မရပေ။ သို့သော် ကျတော် မသိခဲ့ပေ။ ကျတော်သည် မေ နှင့် ပတ်သက်၍ မသိတာ အတော်များသည်။ မေ နေမှ ကောင်းရဲ့လား ဆိုတာ ကျတော်မသိပေ။

မေ သည် ကျတော် ဘာကြိုက်တတ်သည်ဆိုတာ သိ သည်။ ကျတော် ဂျီးများသည် ဆိုတာ ကိုလည်း သိသည်။ ကျတော်စိတ်ထဲ ဘာဖြစ်နေသည်ဆိုတာကိုလည်း သိသည်။ ကျတော် ရွှင်လန်း တက်ကြွနေလျှင် မေ သည် ပြုံးနေလေ့ရှိသည်။ ကျတော် လုပ်ရပ်အများစုကိုလည်း နားလည်စွာဖြင့် ဂုဏ်ယူအားပေးလေ့ရှိသည်။ မေ သည် ကျတော့်စိတ် အတင်အကျ ကို ဖတ်နိုင်သော တန်ခိုးရှင်တစ်ဦးလည်း ဖြစ်နိုင်သည်။ သက်လက်ပိုင်းအရွယ်ရောက်သည့်တိုင်
မေ သည် ကျတော့်အား ကလေးတစ်ယောက်လို မြင်နေတုန်း၊ စိုးရိမ်နေတုန်းပင်။ ကျတော်ကတော့ မေ နှင့် ပတ်သက်ပြီး သိပ်မသိပေ။

မေ ၏ ငယ်ဘဝ ခက်ခဲကြမ်းတမ်းခဲ့သည်ကို မေ တစ်ခါပြောပြ၍ အနည်းငယ်မျှ ကြားသိခဲ့ရဖူး သည်။ လယ်သမားမျိုးရိုးဖြစ်ပြီး မိသားစုတွင် အကြီးဆုံးသမီးဖြစ် ခဲ့ခြင်းကြောင့် မောင်နှမ များပေါ်တွင် အနစ်နာခံခဲ့ရဖူးသည်။အသက် (၇) နှစ်တိုင် ကျောင်းတက်ခဲ့ရခြင်းမရှိပေ။ ပညာလိုလားသော မိဘများမှ မဖြစ်ဖြစ်အောင်ကျောင်းထားပေးမှုကြောင့် အသက်လွန် မှ ကျောင်းတက်ခဲ့ရသော်လည်း ယခင်ပညာရေးစနစ်အရ အရည်အချင်းမှီလျှင်အတန်းကျော် တက်ခွင့်ရခဲ့သော်ကြောင့်သာ အများနှင့် အတန်းတူဖြစ်ခဲ့ရသည်။ မနက်ကျောင်းမသွားမီ အရပ်ထဲလည်ပြီး ခြံထွက်၊လယ်ထွက် သားငါး၊အသီးအနှံလေးများရောင်းချပြီးမှသာ စာသင်ခန်းရှိရာသို့ အပြေးအလွှားကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသူဘဝ အရွယ်ရောက်သည့်အတိုင် အဖြူအစိမ်းတစ်ထည်ထဲဖြင့် မေ ကျောင်းတက်ခဲ့ရသည်။ မိုးမိလို့ ရွှဲစိုလာလျှင် ကျောင်းဝတ်စုံလေးအား လျှော်ဖွတ်ပြီး ဖွဲမီးဖိုတွင် ကင်ကာ ခြောက်အောင်ပြုလုပ် ရသည်အထိ နွမ်းပါးစွာဖြင့် ဘွဲ့တစ်ခုရရှိအောင် ကြိုးစားခဲ့ရသည်။ မေ သည် ကျတော့် အတွက် စံပြပုဂ္ဂိုလ်တစ်ဦးပင်။

မေ သည် အတန်ငယ် ဝ ဖိုင်းလာသည်။ မေ သည် အတန်ငယ် လေးဖင့်လာသည်။ မေ သည် တခါတရံ ချောင်းဆိုးလာသည်။ မေ သည် တစ်ခါတရံ မူးဝေ နေတတ်သည်။ မေ သည် တစ်ခါတရံ မောနေတတ်သည်။မေ သည် နှလုံးအားတိုးဆေး သောက်နေရသည်ကိုလည်း ကျတော်မသိခဲ့ပါ။ မေသည် ပန်းနာရင်ကျပ်ဆေးသောက်နေရသည်ကိုလည်း ကျတော်မသိ ခဲ့ပါ။ မေ သည် အိမ်မှုကိစ္စအဝဝကြောင့် ညောင်းကိုက်နေသောခြေသလုံး၊ပေါင် တို့ အနင်းအနှိပ်ခံချင်နေသည်ကိုလည်း ကျတော်မသိခဲ့ပါ။ မေ ၏ လက်သည် အမြဲပင် ပရုပ်နံလေး ရနေတတ်သည်။ ဒဏ်ကြေဆေးမကြာခဏ လူးနေရဟန်ရှိသည်။ ဒါကိုလည်း မေ့ နားမကပ်တာ
ကြာပြီဖြစ်တဲ့ ကျတော် မသိခဲ့ပါ။ မေ နှင့် ပတ်သက်ပြီး ကျတော်မသိတာတွေ များလှပြီ။

မနက် ဆိုင်ခင်းရန် ပစ္စည်းထုတ်နေသော ကျတော့်အား မေ ကြည့်ပြီးသက်ပြင်းချနေသည်။ အလုပ် ချိန်မှီရန် အပြေးအလွှားလုပ်နေသော ကျတော့်အား စိတ်မောနေဟန်ရှိသည်။ ကျတော် မနက်စာ ထမင်းချိုင့်လေးအားခုံပေါ်တွင် အသာချပြီး စိတ်မချသေးဟန်ဖြင့် မေ ထွက်မသွားသေးပေ။ ပစ္စည်းများ ကို အပြင်ထုတ်ပိုးပြီး ရုံးဝတ်ရန် အကျီ င်္ဖြူ နှင့် ပုဆိုးအား မီးပူတိုက်ဖို့ ကျတော်ပြင်သည်။ မေ သည် ကျတော်မထင်မှတ်သည့် စကား တစ်ခွန်းပြောလာ သည်။ သား အကျီ င်္တွေကို အိမ်မှာလာချွတ်ထားပါလား။အမေ လျှော်ပေးမယ်လေ တဲ့။ မေ့ မျက်ဝန်းတွေ ရီဝေပြီး အရည်ကြည်လေးတွေ လဲ့ နေသည်။ ကျတော် မေ့ ကို မျက်လုံးချင်း ဆုံအောင်ကြည့်ဖို့ အားမရှိပါ။ မကြည့်ရဲပါ။ မေ သည် ကျတော့်အား သနားနေတာလား၊ ကျတော့်အား ပြစ်တင်နေသည်လား။ ကျတော်မသိပါ။ သို့သော် မေ့ မျက်ဝန်းတွေကို ကြည့်မိလျှင် ကျတော်ငိုမိတော့မည်။ သား အကျီ င်္လေးတွေတစ်ထည် နှစ်ထည်လောက် က အမေအဝတ်လျှော်ရင် ထည့်လျှော်ပေးလို့ရတယ်လေ။ အိမ်ကို လာပို့ထား...... တဲ့လား မေရယ်။ ကျတော် မေ့ကို ပြေးဖက်ချင်စိတ်တွေ တားမရတော့ချေ။ မေ့ ရင်ခွင်ထဲ တိုးဝင်ခါ ငိုချ
လိုက်ချင်သည်။ ငယ်စဉ်ကလို နံ့သာ လိမ်းခြယ်မထားသော မေ့ ပါးပြင်လေးအား ဝအောင် နမ်းလိုက်ချင်သည်။ မေ့ကို  ဦးချကန့်တော့လိုက်ချင်သည်။ မေ့ ကို တမေ့တမော ဖတ်ထားလိုက်ချင်သည်။ မေ့ လက်မောင်သားပေါ်တွင် တလောကလုံး ကို မေ့သွားအောင် အိပ်စက်လိုက်ချင်သည်။ ကျတော် အံကြိတ်ကာ မျက်ရည်တွေကို ထိန်းနေရသည်။ မေ့ အပေါ် လစ်ဟင်းခဲ့ရသမျှတွေအတွက် တောင်းပန်ပါတယ် မေ ရယ်။ ရင်ထဲမှ တိုးဖွစွာ
စွာ မေ့ ပါးလေးကို ကျတော်နမ်းလိုက်မိသည်။ မေ မျက်ရည်ဝဲနေသည်လား မသိ။

မေ့ ကို ကျတော် ချစ်သည်။ ကျတော် ချစ်သည်ထက် မေ သည် အဆပေါင်းများစွာ ပိုမို၍ ကျတော်အားချစ်နေသည်ဆိုတာ ကျတော်မသိခဲ့ပါ။ ကျတော်သည် မေ နှင့် ပတ်သက်ပြီး မသိခဲ့တာတွေ လွန်စွာ များပြားလို့ နေခဲ့ပေပြီ။


မိုးဝေသော်