Sunday, September 22, 2013

အဝါရောင်မန်းဒေး



စကားလုံးမဲ့
မျှော်လင့်ချက်မဲ့
ဖြစ်တည်မှုမဲ့
ရှင်သန်မှုမဲ့
အရာရာ ကင်းမဲ့.........

Thursday, September 19, 2013

သျှောင်တစောင်းနဲ့ မောင်ဖောင်း ဆွေးနွေးခဏ်း



တစ်နေ့တ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိလှပါသောကြောင့် ဖေ့ဘွတ်စာမျက်နှာတခွင် ဟိုဟိုဒီဒီ လှန်လှောကြည့်ရှုနေသည့်အခိုက် တပည့်ကျော်
မောင်ဖောင်းရောက်ရှိလာလေသည်။ ကျွန်ုပ်လည်း သိချင်စိတ်လွန်ကဲနေသောကြောင့် မောင်ဖောင်းအား ရောက်မဆိုက် မေးမြန်းမိတော့လေသည်။
သျှောင်-----> ဟေ့ သူငယ်မောင်ဖောင်း...မင်းက အရူးလားကွဲ ပြောစမ်း...
ဖောင်း-----> ဟာ ဘယ်နှယ့် အဘရယ်... မရူးရပါဘူးဗျာ..တကယ့် လူကောင်းစစ်စစ်ပါဗျ...
သျှောင်-----> အေးလေ အရူးကတော့ ရူးတယ်လို့ ဘယ်ဝန်ခံပါ့မလဲ....ဒါပေမယ့် မင်းက အရူးစာရင်းထဲ နှစ်ကြိမ်တောင် ပါနေပြီကွဲ့......
ဖောင်း-----> ဗျာ .. ဘယ်လိုပြောလိုက်တာလဲ အဘရယ်.....ကျွန်တော်မရှင်းလို့ ပြန်ပြောပါဦး။ ဘယ်လိုက ဘယ်လို နှစ်ကြိမ်တောင်အရူးစာရင်းဝင်သွားရတာလဲ အဘရဲ့....
သျှောင်-----> မဗျာနဲ့ မောင်ရင် ..ဒီလိုကွ........ပထမတစ်ကြိမ်က ဆင်ကြယ်ဖိနပ်စီးရှင် ယခင်မြို့စားမင်းကြီးက ကြားဖြတ်မှာ မဲပေးလို့တဲ့ အရူးစာရင်း
ထဲ တစ်ခါထည့်ထားဖူးတယ်လေ..... ခုတစ်ခါ ...မင်း သဲကြီးမဲကြီးဖတ်ပြီး ပြင်ချင်တယ် တဖွဖွ ပြောနေတဲ့ ဘုတ်အုတ်အစိမ်းကိစ္စနဲ့ပတ်သက်ပြီး စွမ်းအားရှင်သနင်း ဥက္ကဌမင်းကြီးက အရူးစာရင်းထဲ တစ်ခါထပ်ပို့လိုက်ပြန်ပြီကောလားဟ...
ဖောင်း-----> ရက်စက်ပါပေ့ အဘရယ်........နေရင်းထိုင်ရင်းကို ရူးရပြန်ပြီပေါ့လားဗျ. ....အောင်မလေးဗျ... ရူးရတော့မယ်........
သျှောင-----> တော် .. တော်..... မောင်ရင်ရဲ့   ငိုချင်းကို ဒီမှာတင်ရပ် ........ ထပ်ရှိသေးတယ်ဟ..စကားဆက်ဦးမယ်......
ဖောင်း-----> ဘာတွေများထပ်ရှိသေးလို့လဲ အဘရယ်..
သျှောင်-----> ဟိုတလောဆီက မင်းပဲ တိုင်းပြည်မှာ အကြွေးတွေများနေလို့ ထမင်းတနပ်လျော့စားကြရအောင်ဆိုပြီး လက်သီးလက်မောင်းတန်း လိုက်နိုးဆော် လိုက်သေးမဟုတ်လားကွ........
ဖောင်း-----> ဟုတ်တယ်လေ အဘရယ်........ ဒီလောက်အကြွေးတွေများနေမှာတော့ အစိုးရခေါင်းပေါ်တင်ပုံချထားလို့ ဘယ်ရမလဲ...ကျွန်တော်တို့ ပြည်သူတွေ ဘက်ကလည်း ခြိုးခြံသင့်တာ ခြိုးခြံ ချွေတာသင့်တာ ချွေတာမှ ဖြစ်တော့မှာပေါ့...........
သျှောင်.-----> အေး ဒီမှာကြည့်မောင်ဖောင်းရဲ့   ....... ပြည်သူ့သတင်းစာတွေက ဖွင့်ချလိုက်တာ.... နိုင်ငံခြားမှာ ဘဏ်အကောင့် ငါးခုဖွင့်ပြီး အပ်ထားတဲ့ ငွေတွေက ဒေါ်လာ ၁၁ ဘီလီယံတောင်ရှိတယ်ဆိုပဲ..ဟ.................
ဖောင်း-----> အလို ဘုရား ဘုရား များလိုက်တဲ့ ပိုက်ဆံတွေ...ဘယ်သူအပ်ထားတဲ့ ပိုက်ဆံတွေလဲ အဘ......
သျှောင်-----> ဒါကတော့ ကွာ....ဟဲဟဲ.......စဉ်းစားပေါ့.... ဟဲဟဲ.....သဘာဝဓါတ်ငွေ့ ရောင်းရငွေ .. လေးနှစ်စာနဲ့ ညီတယ်တဲ့......ဟဲဟဲ
ဘယ်သူ့မှလဲ မထိရဲဘူးဆိုလားဟ.....
ဖောင်း-----> အင်း ..... ဒီငွေတွေနဲ့သာ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ပညာရေး၊ကျန်းမာရေးကဏ္ဍတွေမှာသုံးလိုက်ရရင်တော့ အဘရယ်..
သျှောင်-----> စိတ်ကူးမယဉ်ချင်စမ်းပါနဲ့မောင်ဖောင်းရာ........ ထမင်းတနပ်လျော့စားပြီး အေးအေးသာနေ........

Wednesday, September 11, 2013

ဖေ့ဘွတ်သင်ပုန်းကြီးဖတ်စာ (၃)



နိုင်ငံခြားဘဏ်တွင်အပ်ထားသော
ဒေါ်လာ ၁၁ ဘီလီယံ
ပိုင်ရှင်မည်သူဖြစ်သနည်း
သဘာဝဓါတ်ငွေ့ (၄) နှစ်ရောင်းရငွေနှင့်ညီမျှသည်။
မြန်မာ အဘယ်မှာ ဆင်းရဲပါသနည်း
မျက်လုံးပြူးမိသည်။

အခြေခံဥပဒေပြင်ဆင်ရေး
ပါတီများလှုပ်ရှားနေကြပြီ
ပြည်သူ့မျက်နှာ ကြည့်ကြပါစေ...
ပြည်သူ့အသံများ
လွှတ်တော်သာမက
အင်အားကြီးပါတီများလည်း ကြားနိုင်ကြပါစေ....

မြန်မာဘောလုံးအသင်း ဗိုလ်လုပွဲရောက်ပြီ
သာသာယာယာရှိပါစေ..
တစ်မျိုးသားလုံးစောင့်ကြည့်နေကြသည်။
ရွှေမြန်မာများသတိဖြင့်အားပေးကြပါ။
မြန်မာ့ဂုဏ်အား အဖတ်ဆယ်နိုင်ကြပါစေ........

Friday, September 6, 2013

တစ်ကျပ်ခွဲတန် ကဗျာများ (၁)



စံပါယ်ကွဲ့ တစ်ငုံနှစ်ငုံ
ပြုံး လက် လက် ကြုံ
ပျိုတို့မောင် ယာနဘေး
ခြုံယှက်လို့ထွေး.......

လုံမေတို့ ခင်တန်းအလွန်
ယာညက်လို့ ထွန်
နီ၊ပြာ မောင် နောင်တရှဉ်း
ရုန်းကြတဲ့ အခင်း.......

နေရိပ်ညိုရောင်နီဖျော့
စံပါယ်နုလေအနော့
မောင့်ချစ်သူလုံမလေး
ယာအလွန် ခြုံယှက်ထွေး
ခူး ဆင် လို့ပေး....

ရွှန်းသာသာ လစန္ဒာ
ယက္ကန်းသံစာ
လူပျိုမောင်လှည့်လှည့်ငေး
ညဂန္တဝင်တေး...

မောင်းထောင်းသံ ချက်ညံညံ
ဆိုလိုက်တဲ့ ဟန်
စောင်းချိပ်ဆို ဖိုသံပေး
ရင်ထိတ်လို့အေး....

စံပါယ်ရယ် ငွေလ
ယက္ကန်းနဲ့ ဖွတ်သည့်ဆန်
ပျို ရင်ခုန်ပြန်
ချောင်းဟန့်သံအဘပေးမှ
စည်းချက်ပြန်မှန်သလေး
မောင် လစ် လို့ပြေး......

တစ်ကျပ်ခွဲတန် ကဗျာများ...



ရွာဦးက အုံးမောင်းသံ
ချက်မှန်မှန်ညံ
လင်းကြက်ရယ် တွန်သံစော
ဗျို့ဟစ်ဘန္တော...

ရွာလုံးကျွတ်ပွက်ဆူဆူ
အရီးလေးတို့ အလှူ
သားမောင်ရင်စွန်တောင်ဆွဲ
တောင်ရှည်သူ့ထက်ကဲ...

မဏ္ဍပ်ထဲ သံဃာစင်
ပြန်အိပ်ဖို့ပြင်
ဓါတ်စက်ဆရာအသံကုန်ကြွား
ထ က ချင်သဗျား....

လှည်းယဉ်ကျော့ရွှေထီးဆင်
လောင်းလှည့်ဖို့ပြင်
လည်တံဖြူဂျိုတကြွားကြွား
ဖေ့သားကြီးနွား.....

ပါးပြင်ထက်နံ့သာခြယ်
ဝိုင်းစက်စက်ကွယ်
အဝိုင်းဘေးအစက်တွေချ
သားလူလှယဉ်သဗျ.....

မကိုဌ်စလွယ် ဝံ့ထည်ထည်
မျက်နှာပိုးသတ်လို့လွယ်
ဘဝင်မှာ ပီတိကြွ
ရီ ချင် နေသဗျ....

အပျိုချောတို့ ကွမ်းတောင်ကိုင်
လှချက်ကမနိုင်
လူပျိုမောင်ကာလသား
ဖြတ်လျှောက်ကာအလုပ်များ....

ခေါင်းပေါင်းစတလူလူ
ဦးရွှေရိုးက ဒေါ်မိုးမြှု
နုတ်ခမ်းမွှေးနဲ့ မဝံ့မရဲ
ဒေါ်မိုးကိုဆွဲ
ဗေထိသံ တက်ဗေညံ
မိုးထက်သို့ကန်
တောင်ပိုင်းက ကိုသာဖျော့
ဒိုးပတ် အိုးစည် လက်ကုန်နော့...

ရွာထဲကအော်ကြောလန်
မောင်ရင်လောင်းတို့သူငယ်ချင်းအကြံ
ရဟန်းဒကာပိုက်ဆံကြဲ
လိုက်လုကြမကွဲ့လေး..

သာဂိမှာ နှပ်ချေးသုပ်
ပုဆိုးကိုစလွယ်ခုပ်
ဖုန်ထူထူ ဝိုင်းလုပြဲ
ပေါက်ပေါက်ဆုပ်နဲ့ တစ်မက်တစ်ပဲ...

ရွာဦးကဆရာတော်ကျောင်း
ဆံချလို့ ဘဝပြောင်း
အဘ၊အမေ ပီတိဝေ
ဦးချလို့ မျက်ရည်စွေ
ကပျာကယာမျက်လွှာချ
ရှင်ဖြစ်ပြီဗျ...........

မိုးကောင်းတဲ့ ည



ခြောက်ကပ်ကပ် ဖားကြော်တစ်ဖက်ကို နှိုက်မြည်းရင်းစကားစလိုက်သည်။ " ငါတို့ တည်ဆောက်နေပေမယ့် ငါ့တို့ မဖြစ်ထွန်းသေးဘူးကွ ငကျော် ရ.." ဖင်နား ကပ်နေပြီဖြစ်သော ပုလင်းထဲမှ လက်ကျန်ကို သွေးပျက်စွာ ကြည့်ရင်း ..သက်ပြင်း ခိုးချသံကြားလိုက်ရသည်။တိတ်ဆိတ်မှုကခြောက်ခြားဖွယ်။လေတစ်ချက်ဝေ့ကနဲ တိုက်လိုက်တော့ ကောင်တာမှ အရက်နံ့တို့က အလုအယက် ပြန့်ကျဲထွက် လာ သည်။မက်မက်မောမောရှုရှိုက်လိုက်ရုံမျှဖြင့် သွေးတို့ ဆူပွက်လာသည်။ " သိမ်မွေ့ တဲ့ ဒြပ်စင်တချို့က လမ်းခုလပ်မှာ မတ်မတ်ရပ် လို့ .." ကဗျာတစ်စအသာချိပ်ပြီး လက်ကျန်လေးကို ကောက်မော့ လိုက် သည်။ငကျော် မျက်ခုံးပင့်ကြည့်လာသည်။ ဂျိုးသိန်းကို ခုံအစွန်းဖြင့် သုံးချက်လောက် ပစ်ဆောင့်လိုက်သည်။အဖျားကို ကိုက်ခါ ဖင်စီခံကို လက်ညှိုးလေးဖြင့်အသာခြစ်လို့ ဖုန်တွေစင်အောင် ခါထုတ်နေသည် ။မှေးစင်းထားသော မျက်လုံးတို့ဖြင့် ပိုင်နိုင်သေချာစွာပြုံးလိုက်တာကို ဖယောင်း တိုင် အလင်းရောင်ဖြင့် ပြတ်ပြတ်သားသား မြင်လိုက်ရသည်။

မှုတ်ထုတ်လိုက်သော ကာဗွန်ဒိုင်တွေရဲ့ နောက်မှာ " အသက်မဲ့သွားတဲ့ ပုလင်း တစ်လုံးရဲ့ အနာဂါတ်ကို ဘယ်လို ထုဆစ်ကြမလဲ " တီးတိုးစကားသံ တိတ်ဆိတ် သွား တဲ့အခါမှ..." ယဇ်ပုလ္လင်အတွက် ငါတို့ အသင့်ဖြစ်နေသင့် တယ်.. " ငကျော် ရေတစ်ခွက်ကို အာသာဖြေ မော့သောက်လိုက် သည် ။ခြောက်ကပ်စွာ ရီမော လိုက်သည်..။လိုက်ရီပေးဖို့ ကျွန်တော်မပြင် ဆင် လိုက်ရသေးခင်ဖြစ်သည်။ကျွန်တော့်သီးခံနိုင်မှု အတိုင်းအတာတွေ က အနုတ်ပြနေပြီ..

အပြင်မှာ မိုးစက်တွေက အားကောင်းမောင်းသန်ရှိလှသည်။ " သေခြင်း တရားဆိုတာ ကျိန်စာမရွတ်ခင် ရောက်ရောက်လာတတ်တဲ့ ငနာ ပဲ.." နာကျည်းစွာ ရေရွတ် လိုက် မိတော့ ငကျော် ပခုံးတွန့်သွားသည်။ ဒီအခြေအနေကို ကျတော် လက်လွတ်မခံနိုင်။" အဆုံးသတ်ဖို့သေချာပြီလားသူငယ်ချင်း...လက်နက်ချခဲ့မယ်ဆိုရင်တောင် ဖားတစ်ကောင် ရဲ့ ဈာပနမို့ အားနာသင့်တယ်.." ငကျော်  မီးသေနေပြီဖြစ်သော   ဆေးပေါ့ လိပ်ကို ကောက်ညှိရင်း ပြင်းပြင်းရှရှရှိုက်သွင်းလိုက်သည်။ ခိုင်မာသော ဆုံးဖြတ် ချက်တို့က မျက်နှာပေါ်တွင် အထင်းသား။ရွှန်းရွှန်စားစားကို ကြည့် ပစ်လိုက် သည်။" ဂုဏ်ယူတယ်သူငယ်ချင်း မင်းအတွက် ငါ ဂုဏ်ယူတယ်ကွာ။ တိမ်ဆိုးတွေနဲ့ စစ်ထိုးတဲ့ကြိုးဝိုင်းမှာ မင်းက တကယ့် သူရဲကောင်းပဲသူငယ်ချင်း..." မျက်နှာတစ်ခုလုံး လက်လက်ထလို့ ဖောဖောသီသီပြုံးပစ်လိုက်သည်။ အင်ပါယာတစ်ခုကို အကြွင်း မဲ့ အောင်နိုင်ခြင်းမျိုးဖြင့် ဝံ့ကြွားစွာ လက်မထောင်ပြ လိုက်သည်။ငိုက်မြည်းနေသော ခုံပေါ်သို့ အဖြူတစ်လုံး ဝတ်လွှာတွေရုံပြီး ဆင်း လာသည်။

မျက်ရည်တွေ တဝက်နီးပါးချွေချလိုက်ပြီး ခပ်မြန်မြန်ပင် မော့ချ လိုက်သည်။ စစ်မြေပြင် မှ သူရဲကောင်းတစ်ဦး၏ ဓါးချက်အနုတ်အသိမ်းဆန်ဆန် နုတ်ခမ်း တဝိုက် လျှာဖျားဖြင့် သိမ်းလိုက်ပြီး " စနေညရဲ့ မှော်ဆန်တေး သွားဆိုတာ ဒါများလား.. ." ကျေနပ်ရောင်ဆမ်းထားသော အသံတို့ဖြင့် ငကျော်ကိုမေးလိုက်သည်။

မျက်လှည့်ဆရာတစ်ယောက်ပမာ ငကျော်အိတ် ကိုဆွဲယူကာ ဇစ်ဖွင့်လိုက် သည်။ အိတ်ထဲမှ အခိုးအငွေ့များရိပ်ခနဲထွက်လာသလိုလို။ပတ်ဝန်းကျင်မှာ ပိုမိုတိတ်ဆိတ် သွားသည်။သွပ်ပြားနှင့် ထိတွေ့ကခုန်နေသော မိုးစက်မိုးပေါက် များမှာစည်းဝါးမမှန်။ လျှပ်စီးကြောင်းတစ်ခုက ဖြတ်ဆိုပေါ်ပြီး ပျောက်သွားသည်။မိုးခြိမ်းသံကပ်လိုက်မလာ။ အိတ်ထဲက ဆွဲထုတ်လိုက်သော စာအုပ် တစ်အုပ်။ ပရပိုက်တစ်ခုပမာ ငြိမ်းဖွ ညင်သာ စွာဖြင့် ဆွဲထုတ်လာခြင်း လည်းဖြစ်သည်။" အတုဆို ငါအရမ်းမုန်းတယ်.." ဆက်စပ် ကင်းမဲ့စွာဖြင့်ငကျော်ထံမှစကားသံထွက်လာသည်။ စိတ်လှုပ်ရှားမှုအလုံးစုံ တို့ကြောင့် ခပ်မတ်မတ်တစ်ခွက်လောက်ထပ်ဖြည့်ထားသည်။နားစွင့်နေရင်း.." ...ဒါပေမယ့် ..." ဆို့နင့်ရီဝေနေသောအသံရှရှတို့ကကျွန်တော့်တည်ဆောက်မှုကို ပင့်တင်နေမှန်းရိပ်မိ လိုက်လေပြီ။ " ဒါပေမယ့်....မောင်ချောနွယ် အတုက ငါ့ဘဝရဲ့ ဒုတိယ ဘုရားသခင်ပဲ..." ဂွမ်းခနဲ ကျကွဲသွားသည်။ ညိုမှိုင်းသော ကောင်းကင် လက် ထဲက တစုံတရာပေါ့။ထင်ရာစိုင်းနေကြသောမိုးစက်မိုးပေါက်တွေကပိုမိုဗြောင်းဆန်လာချေပြီ . .. " တောက် .." တစ်ချက်ကို ခပ်ပြင်းပြင်းခေါက် လိုက်ရင်း ..." ဟေ့ ဒီမှာ နှစ်ထပ်သဘောင်္နဲ့ မြို့ ..လူတစ်ယောက်တောင် မထမ်းပိုးနိုင်ရအောင် မင်းပခုံး မှာ ဘယ်လို အနာမျိုးတွေပေါက်နေတာလဲ..." အံတင်း တင်းကြိတ်ထားသော ငကျော်ထံမှ ဘယ်လိုအသံမှ ထွက်မလာတော့ချေ......

ညသည် ထပ်ဆင့်မှောင်မည်းလာသည်။မကျဉ်းရွက်နှစ်ဖက်ကလွဲလျှင် ပန်ကန် လုံး ထဲတွင် ဘာမှမရှိတော့...အတောင်အလက်မစုံတော့သော ဂျိုးသိန်းတလိပ်က လှဲလျောင်း လျက်သာ။ထုံးစံအတိုင်း တိတ် ဆိတ် သွားပြန် သည်။သက်ပြင်းပြိုင်တူ ချလိုက်သည်။.." ဒီအချိန်မျိုးလောက်ဖြစ်မယ်.." ငကျော်မှ ထရန်ပြင်ဆင်ရင်းဖြင့် .... " ဟစ်တလာ ညည အိမ်မက်ဆိုးတွေ မက်တာ.."အမှောင်ထဲကို အရိပ်နှစ်ခု တိုး ဝင် သွား သည်။မိုးစက်တွေက လမ်းလျှောက်လိုက်လာသလိုပင်...လမ်းခွဲတော့ သူ့ကို မှတ်မှတ်ရရ မှာလိုက်သေးသည်။

....................

သျှောင်တစောင်းကြီးနှင့် မောင်ဖောင်း

ကျွန်ုပ်တွင်တပည့်ကျော်မောင်ဖောင်းရှိလေရာ၎င်းသည်လွန်စွာဖင်ပေါ့လေသော်လည်းအပျင်း အလွန်ကြီးသောသူငယ်ဖြစ်လေသည်။တစ်ခါသော်ကျွန်ုပ်နေထိုင်ရာမြို့လေးသို့လှေတစ်စီးဖြင့် တိုင်းခန်းလှည့်လာသောဝန်ကြီးတစ်ဦး၏သတင်းသည်တမဟုတ်ချင်းဟိုးလေးတကြော်ကြော် ဖြစ်
လာပါသောကြောင့်ကျွန်ုပ်လည်းခေတ်မှီသည့်သျှောင်တစောင်းတစ်ဦးဖြစ်သည်နှင့်အညီအား
ကြိုးမာန်တက်လည်နေသောအဝိုင်းလေးကိုကသိုင်းရှု၊ဆိုင်ရာပိုင်ရာနတ်အပေါင်းတို့အားမေတ္တာ ပို့အမျှဝေ၊ဓမ္မစကြာသက်စေ့ခန့်ရွတ်ဆိုပြီးသောအချိန်လောက်တွင်မှအဆိုပါသတင်းအားဘွား ကနဲတွေ့ရှိလိုက်ရပေတော့သည်။

ဖတ်ရှုပြီးသကာလကျွန်ုပ်လည်းဟုတ်ကြောင်းမှန်ရာလွန်စွာသိချင်လှပါသဖြင့် တပည့်ကျော်မောင်ဖေါင်း အားလွှတ်ပြီး မြန်မဆိုင်းသွားရောက်စုံစမ်းချေဟု ဖြစ်စဉ်အားထောက် လှမ်းခိုင်းလိုက်မိချေသည်။ဗဟိုရ်စည်လေးချက်တီးခန့်အချိန်လောက်တွင်မောင်ဖောင်း တစ်ယောက်မောကြီးပမ်းကြီးဖြင့်ပြန်ရောက်လာချေတော့သည်။အာစိစုံစမ်းခိုင်းထားတာသိရပါပြီ အာစိ.ဖြစ်စဉ်ကတော့ဂုန်းပိုးမစီးချင်၍ လှေစီးရခြင်း သာ ဖြစ်ပါသည် အာစိ ........ဟူသတည်း။

ကျွန်ုပ်မှာ ဟိုက် ဟု သာ   အော်လိုက် မိချေတော့သည်တမုံတကား.........


Thursday, September 5, 2013

မခင်နှင်းဆီ...



တစ်မြို့လုံးမှာ မခင်နှင်းဆီကို မသိသူမရှိ။ ဖြူဝင်းသောအသား အရေနှင့် လိုက် ဖက် စွာ ကော့ညွှန့်အိစင်းနေသော ဆံနွယ်စတို့က ပေါင်ရင်းထိဖြောင့်  စင်း စွာ၊ ပြေပြစ်တင့်မောဖွယ်ကိုယ်ဟန်တို့ကဖြင့်မြင်သူပင့်သက်မချ မိသူ ခပ် ရှားရှား။ မြို့ငယ်လေးအတွက် မခင်နှင်းဆီရဲ့ အလှသတင်းမှာ မဆန့်မပြဲ။ ကျွန်တော်တို့လူငယ်တစ်သိုက် ရင်လှိုက်ဖိုခဲ့ရသည့် မခင်နှင်းဆီ။ အပြင်ထွက်လျှင် အထက်အောက် ဆင်တူဝမ်းဆက်ဖြင့်သာ ဝံ့ကြွားစွာဖြင့် တင့်တယ်မြဲ။ မခင်နှင်းဆီ ငယ်ဂုဏ်၊အလှဂုဏ်တို့ကြောင့် ပိုလို့ပင်ထင်ရှားပြီး လူငယ်တိုင်းအတွက် နေ့တိုင်း ရွတ် ဆိုရသော သီချင်းတစ်ပုဒ်ကမခင်နှင်းဆီ။

ဆယ်တန်းအောင်ပြီးစ ကျွန်တော်တို့လူငယ်တစ်သိုက်မှာ မခင်နှင်းဆီ၏ စက်ကွင်း တွင် လိုလိုလားလားဝပ်ဆင်းခဲ့သည်။ မခင်နှင်းဆီ စာအုပ်အငှား ဆိုင်လေး၏ မလှမ်းမကမ်းရှိ ဝမ်းတီးခုံပုလေးများတွင် ကျွန်တော်တို့အိမ် မက်တွေ ဖူးပွင့်ဝေ ခဲ့ကြ သည်။မခင်နှင်းဆီတွင်အမတစ်ယောက်ရှိသေးသည်။ အသက်အရွယ်အရမူ အပျိုကြီး စာရင်းဝင်နေသောလည်း အမှန်တကယ်ရှိလှ ၂၇ သာသာပင်။ရင့်ကျက် တည်ငြိမ်သော အရွယ် ဟု ယူဆ ခံရသဖြင့် စာအုပ်ဆိုင်ထိုင်ခွင့်ကို အိမ်ကခွင့်ပြုထား သည်။ မခင်နှင်းဆီကို တိတ်တခိုးမြင်ရဖို့အရေး စာအုပ်ဆိုင်ကြိုးဝိုင်းထဲရှောင်လွဲလို့မရ။

ကျွန်တော်တို့ လူငယ်များ သဘောတူညီမှုတစ်ခုယူထားကြသည်။ မခင်နှင်းဆီ ကို စောင့်ရှောက်ဖို့ပင်။ မခင်နှင်းဆီ၏ အလှကို ဘုံခံစား ကြ မည်။မခင်နှင်းဆီကို မည်သူမျှ အပိုင်စီး၍ မရ။ ဝိုင်းကာကွယ်စောင့်ရှောက် ကြမည်။ မခင်နှင်းဆီအကြောင်း ကဗျာတွေ ဝိုင်းဖွဲ့ကြမည်။ မခင်နှင်းဆီ အတွက် အိမ်မက်တွေ စုမက်ကြမည်။ သံစဉ်တွေကိုလည်း မခင်နှင်းဆီ အရောက် စုပို့ကြမည်။ မခင်နှင်းဆီသည် ဘုံအလှ၊ ဘုံကဗျာ၊ ဘုံဂီတ ၊ပြီးတော့ ဘုံဝေဒနာ အပိုင်းအစ ဖြစ်သည်။

အမှန်တကယ်စာဖတ်ဝါသနာပါသည့်အပြင် မခင်နှင်းဆီ၏ ညို့ ချက် တို့ ကြောင့် စာအုပ် ဆိုင်လေး သို့ ကျွန်တော်တို့ ပုံမှန်ရောက်ဖြစ်သည်။ သို့သော် တစ်ဦးမှာ ဆယ်မိနစ် ထက် ပို ၍ မရ ။ဒါက စည်းကမ်းပင်ဖြစ်သည်။ ဆိုင်ထဲ တွင် မခင်နှင်းဆီကို မတွေ့ လျှင် မမကြီးကို မျက်နှာချိုသွေးရသည်။ မခင်နှင်းဆီရှိလျှင် အနည်းငယ် စကားပြော ခွင့်ရသည်။ မြို့ငယ်လေးအတွက် မခင်နှင်းဆီနှင့် ကျွန်တော်တို့သည် မစိမ်း။ ရင်းနှီးစွာဖြင့် ပြောဆိုခွင့်ရသည်။ ပျားပုတုန်းတွေပမာ ရစ်ဝဲနေမှန်း သဘာဝအသိဖြင့် မခင်နှင်းဆီ သိသည်။ ကျွန်တော်တို့အဖွဲ့ထဲက ဇော်ကြီး ကတော့ ဆိုင်ထဲဝင်သွားလို့ ကြီးမေကြီးထိုင်နေလျှင် မမကြီး ရှိလား၊မမကြီး ရှိလား စသဖြင့် မေးတတ်သည်။ ထို့အခါ ကြီးမေကြီးက " နေဦး ငါခေါ်ပေးမယ်ဆိုပြီး နောက်ဖေးဝင်ကာ ဟဲ့သမီးကြီး နင့်ကိုမေးနေတယ် " ဆိုပြီးခေါ်ပေးလေ့ ရှိသည်။ မမကြီးထွက်လာတော့မှ ..." ဟီး ကျွန်တော်မေးတာ ဆရာဗန်မော်တင်အောင်ရေးတဲ့ မမကြီး ဝတ္တုစာအုပ်ပါဗျ " ဆိုပြီး စပ်ဖြီးဖြီး နှင့်ပြောရသည်။ သွားတွေ့တာ မခင်နှင်းဆီမျက်စောင်းလှလှလေး ရလိုက်တာ မမကြီး ဆီမှ ။ သို့နှင့် ထိုအခါက ဆယ်တန်းအောင်ပြီး စ ဇော်ကြီးတစ်ယောက် မမကြီးနှင့် ဖူးစာဖက်သွားရသည်။

ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အဖွဲ့မှ အသီးသီးလည်း အိမ်ထောင်ကျသွားကြပြီ။ ထိုင်နေကြဆိုင်လေးမှ စာပွဲထိုးလေးပင် ဆိုင်ရှင်သမီးနှင့် အကြောင်းပါကာ ဆိုင်ရှင်ဖြစ်သွားပြီ။မခင်နှင်းဆီတစ်ယောက်ကတော့ဖြင့်..........

............
.........
တစ်နေ့ မြို့လေးကို ကျွန်တော်ပြန်ရောက်သွားတော့ ဆိုင်ရှင်ကြီးက ဆီး ကြိုရန်ထောင်သည်။ မခင်နှင်းဆီ အခုလိုဖြစ်သွားတာ ခင်များတို့မှာ တာဝန် ရှိတယ်။ ခုဘယ်လိုလုပ်မလဲ။ဘယ်လိုဖြေရှင်းပေးမလဲ စသဖြင့် ကျွန်တော် လည်း မည်သို့မှပင်မပြောတတ်တော့ချေ။ မခင်နှင်းဆီတစ်ယောက်လည်း ရန်ကုန်မြို့ကြီး သို့ ပြောင်းရွေ့ သွားပြီ။ ယခုဆိုလျှင် ရှိလှ အသက်လေးဆယ် သာသာခန့် ရှိချေပြီ။ သတင်းစကားပါးထားတာ ကျွန်တော်ပြန်ကြားရသည်။ နင်တို့လုပ်လို့ ငါအပျို ကြီးဖြစ်နေ တာ ဟူသတည်း။ နင်တို့ထဲမှာ ဘယ်သူ ကျန်သေးလဲ ဆိုတော့ ဟီး ကျန်ဆို ကျတော်ပဲရှိတော့တယ်။ ခုအရွယ်မှ တော့ ဘယ်လိုမှ ခံစားလို့မရတော့ ပါဘူး ဗျာ။ ငယ်တုန်းကသာ ကြည့်လှ တာဗျ ဆိုတော့ သေနာကောင်တွေ ။ ငါ့အနားလည်း ဘယ်သူမှ ကပ်မရ။ နင်တို့ကလည်း လူပျိုစကားကလွဲ အကုန်လာပြောတယ်။ ခုတော့ ငါ့မှာ အပျိုကြီးလုံးလုံးဖြစ်ကျန်ခဲ့တော့တယ် ။ကောင်စုတ်၊ကောင်နာတွေ။

" မခင်နှင်းဆီ ... ကျော်ကြီး ကဗျာ လာရွတ်တာ မှတ်မိသေးလား" ကျွန်တော်က အစဖော်လိုက်ရာ မခင်နှင်းဆီမှာ ပြုံးယောင်ယောင် နုတ်ခမ်းလေး တွန့်ကွေးစွာဖြင့် " မှတ်မိတာပေါ့ " ဟု ပန်းနုရောင်ရှက်သွေးဖွှာစွာ ယခုတိုင် လှပသော အပြုံးလေးဖြင့် .......

ထိုနေ့က ကျွန်တော်တို့ နည်းနည်းသောက်ထားကြ သည်။ မှောင်စ ပျိုးသော အချိန်လည်းဖြစ်သော စာပိုး၊ကဗျာပိုးတွေက ကြွလာကြသည်။ မခင်နှင်းဆီ အိမ်ရှေ့မှာ ကဗျာသွားရွတ်မည်ဟု လက်သီး လက်မောင်းတန်းပြီး ကြွေးကြော် လိုက်တာက ကျော်ကြီး။ ဟုတ်ပြီ ဘာကဗျာတွေရွတ်ကြမလဲ ။မောင်ချောနွယ် လား၊ ပိုင်စိုးဝေလား ဆိုတော့ ကျော်ကြီးက လက်မခံ။ သူ့ကိုယ်ပိုင်ကဗျာ လက်တန်း ရွတ်မည်။ ဘုရား ကျော်ကြီးတော့ တစခန်းထပြီ။ ဖြစ် မှ ဖြစ်ပါ့ မလား ဆိုတော့ ဖြစ် ပါတယ် လာကွာ သွားရအောင် ဆိုပြီး မခင်နှင်းဆီတို့ အိမ်ရှေ့ သို့ တစ်ဖွဲ့လုံးရောက် ချသွားသည်။

ညက မနက်တနက်။အိမ်ထဲမှာ မီးရောင်လဲ့လဲ့တော့ မြင်နေရသည်။ အမှောင် ရိပ်ထဲမှ ကျော်ကြီး ချောင်း ဟန့်သံအရင်ပေးပြီး ။ " ကျွန်တော်တို့က သီချင်းဆိုတဲ့အဖွဲ့မဟုတ် ပါဘူး။ကဗျာရွတ်တဲ့အဖွဲ့ပါ "စပြီးအင်ထရိုဝင် သည်။ ထို့နောက် ..." တံခါးလေးခေါက် ဖို့ မပြောနဲ့ တံစက်မြိတ်နင်းရုံနဲ့တင် အပြစ် သားဖြစ်ခဲ့ရ တဲ့ ကျွန်တော် ပါ မခင်နှင်းဆီ၊ ကျွန်တော်တို့ ဘိုင်ပြတ်နေတဲ့ အချိန် ရဲ့ ကယ်တင်ရှင် မင်းသမီး၊ မခင်နှင်းဆီရဲ့ အလှဟာ ကျွန်တော့် ဝမ်းဝစေခဲ့ပါတယ်. ...အိုဘယ့် မခင်နှင်းဆီ...." လက်တန်းရွတ်လိုက်တဲ့ ထိုကဗျာ က အရှည်ကြီးပင်။မခင်နှင်းဆီရဲ့ အမေ ကြီးတော်ကြီး ကလော်တုတ်လို့ ထွက်ပြေးခဲ့ရ သည်။ ကျွန်တော်ပြန် အစဖေါ်ပေးတော့ မခင်နှင်းဆီ တစ်ယောက် ရှက်ယောင်ယောင်ဖြင့်. ..." ဒါနဲ့ ကျော်ကြီးတစ်ယောက်ကော ..." အင်း ကျော်ကြီး က အိမ်ထောင်ကျသွားပြီ မခင်နှင်းဆီ။ ကျော်ကြီး အကြောင်း၊ဒီကောင် ဗရုတ်ကျခဲ့တဲ့ အကြောင်းများ ကျွန်တော် ဖောက် သည်ပြန်ချလိုက်သည်။............

(အလျဉ်းသင့်ရင် ကျော်ကြီးအကြောင်းရေးပါဦးမည်။)

Tuesday, September 3, 2013

ထို မိုးတည ထိုးစိုက်ခဲ့ဆူး



လွန်ခဲ့သော မိုးရာသီ၏ တစ်ခုသော ညတစ်ညမှာတစ်စုံတရာကို လွတ်ကျကွဲခဲ့ဖူးတယ်။နောင်တ မရခဲ့ပါဘူး။ ဘယ်တစ်ဦးတစ်ယောက်ကိုတောင်မှ မရှင်းပြခဲ့ဘူး။အမှန်တရားက တစ်သက် လုံးမြေမြှုပ် သွားခဲ့မယ်ဆိုရင်တောင်မှ ကျေနပ်တယ်။တစ်လောကလုံးပြန့်နေတဲ့ သတင်းစကားတွေ က ကျွန်တော် အိပ်ယာမနိုးခင်လေးမှတင် ကမ္ဘာပတ်ပြီးနေပြီ။အတွေးထဲမှာ တစ်ချက်ပြုံးလိုက်မိတယ်။

ထိုနေ့ပြီး နောက်နေ့ ကျွန်တော်သူမနဲ့ အကြီးအကျယ် စကားများခဲ့တယ်။ မိုးဖွဲလေးများကျပြီးစ ရှည်လျားတဲ့လမ်းမကြီးမှာ စိုလက်ဆဲပင်။အမေးတစ်ချက်ကို မကြားဟန်ပြုပြီး လမ်းဖြတ်ကူးဖို့ ဟန်ပြင် လိုက်တယ်။သူမလက်ကိုဆွဲအပြေးလေးလမ်းဖြတ်ကူးပြီး ပလက်ဖောင်းပေါ် ခြေထောက်အတင်မှာ ခုနစကားပြန်ဆက်လာတယ်။ဒီလိုပါပဲကွာ..... ဆိုပြီး ကျွန်တော်ပြန်ပြီးနုတ်ဆိတ်နေတယ်စကား လမ်းကြောင်း ကို ပြန်လွှဲဖို့ ထပ်ကြိုးစားတယ်။ ဘာထပ်ရှင်းဖို့လိုမှာလဲ။ကမ္ဘာပတ်ပြီး သားစကားတစ်ခွန်း ကို ထပ်ရှင်းဖို့ဆို ကမ္ဘာတစ်ခုလုံးစာ ဗီနိုင်းကြီးစကြာဝဌာတစ်နေရာမှာ ကပ်ထားဖို့ပဲရှိတော့တယ်။

ခါတိုင်းထက်ပိုပြီး တိတ်ဆိတ်နေတဲ့ ကားဂိတ်အမိုးလေးအောက် ဝင်လာတော့ကျတော် အသာအယာ ပဲ ထိုင်ချလိုက်တယ်။ သူမမျက်နှာမီးခိုးရောင်မှာကြက်ခိုးတွေတောင်စွဲနေ သလားပဲ။ သူမရင်ထဲမှာ ဘယ်လိုရှိနေမလဲဆိုတာစာနာလို့ရပါတယ်။ ' မရက်စက်ပါနဲ့ လူတစ်ယောကို ပန်းနဲ့တောင်မပေါက်ပါနဲ့
သူဟာ......... တစ်စုံတစ်ယောက်ရဲ့..........အချစ်ဆုံးဖြစ်နေနိုင်လို့ပါ.." ဆိုတဲ့မှတ်မိနေတဲ့ စကားလေး လို သူမလည်း သူမချစ်ရတဲ့သူတစ်ဦးအပေါ် အားလုံးရဲ့အမုန်းတွေကျရောက်နေ တာကို ဗလောင် ဆူနေမယ့်အဖြစ် ကျတော်မြင်ကြည့်မိတယ်။ဘာလဲ...အမှန်တရားက ဘာလဲ ဆိုတာ ကျတော် ထိုစဉ်က ရှာမတွေ့မိဘူး။ စိတ်ထဲ အော်ဂလီဆန်စွာ ရီချင်နေတာပဲသိတယ်။ မှော်ဆရာတစ်ယောက်
ရဲ့ ပုံတိုပတ်စတွေထဲမှာ မှင်သက်အံ့သြနေတဲ့ ပတ်ဝန်းကျင်ကို ကျတော်အသက်တစ်ချက် ရှုထုတ်ပြီး လေသံနဲ့ရီဟန်ပြုလုပ်လိုက်တယ်။ ပြုံးလိုက်တာပါ။မဲ့ရင်လည်း မဲ့သွားနိုင် တာပေါ့။ ကျတော့်  ဒသနဆန်ဆန်စကားလုံးတွေကိုသူမ နားမလည်ခဲ့ပါဘူး။ အမှန်က ဒသနမဟုတ်ပဲ ခံယူချက်စကား လုံးတွေပါ။ရင်ဘတ်ချင်းမနီးစပ်တာ မဟုတ်ခဲ့ပေမယ့် လက်တွေ့အခြေနေမှာ ဒီထက်ရှင်းလင်းချက်တွေ သူ မ လိုကောင်းလိုလိမ့်မယ်။ဒါပေမယ့် ခံယူချက်ကို အရောင်းပြောင်းဖို့ ကျတော်မလုပ်နိုင်ခဲ့ဘူး။ ကားတစ်စီး ထိုးစိုက်လာပြီး လူတစ်ချို့ကိုပြန်အန်သွားတယ်။ လူတစ်ချို့ကို ရေသောက်သလိုသောက် သွားပြီး ဝူး ကနဲလေချဉ်ပြန်တက်ပြသွားတယ်။

မြင်ကွင်းတွေအားလုံးက ခပ်ဝါးဝါးပါ။ သူမ လက်ခံရရှိထားတဲ့အကြောင်းအရာတွေကို နားထောင်ရင်း ကျတော် မဲ့ပြုံးပြုံး ပြုံးတတ်လာတယ်။ ကျတော်မှာ လုပ်နိုင်စရာက တစ်ခုပဲ ရှိတော့တာ တဖြည်းဖြည်းနဲ့ ပိုမိုထင်ရှားလာတယ်။ ကျတော်စွန့်လွတ်လိုက်ဖို့ပင်။ကျတော်ဆုံးဖြတ်ချက်ကို ပြောအပြီး သူမနဲ့ ကျတော်  ကြား မှာမြူခိုးတွေနဲ့ ဝါးသွားသလို။အရိပ်အငွေ့တစ်ခုစာ ခြားသွားတယ်လို့ ခံစားလိုက်ရ
တယ်။ခြေအစုံတို့ မားမတ်တောင့်တင်းစွာနဲ့ သူမ ထိုင်ရာက ထလိုက်တယ်။သူမ ထွက်သွားမှာကျတော် အကြောက် ဆုံးပဲ။တစ်လောကလုံးက နားမလည်ရင်လည်း သူမရဲ့ အားပေးပြုံးလောက်နဲ့တင် ကျတော် လဲသေသွားလို့ရတယ်ဆိုတာ သူမ အသိဆုံး။ ခုတော့ ............

ရုတ်တရက်ထူပူသွားတဲ့စိတ်အစုံနဲ့အတူ သူမလက်ကောက်ဝတ်လေးကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ထိုင်ခိုင်းလိုက် တယ်။ သူမ အတင်းရုန်းပါတယ်။ ကျတော်လည်းစိတ်လှိုင်းထန်နေပြီ။အမှတ်တမဲ့ဖြစ်ပေါ်လာတဲ့ အင်အားတစ်ချို့နဲ့ကျတော်သူမကို လက်ဆွဲလိုက်ပြီး ထိုင်စေခဲ့တယ်။ နုတ်ဖျားကတော့ ဆွံ့အနေခဲ့တယ်။စကားလုံးတွေ ကျတော်မှာ ရှားပါးနေဆဲပင်။ နုတ်ခမ်းကို တင်းတင်းစေ့ကိုက်
ထားတဲ့ သူမကို ကျတော် မကြည့်ရက်တော့ချေ။ထို့အတူ......ကျတော်ကို နားမလည်နိုင်တဲ့သူမကို လည်း ကျတော် ....... ဆွဲအားနှစ်ခုကြားမှာ ကျတော်ဘယ်ဘက်ကိုမှ ပါမသွားချေ။သူမ ရပ်လာတဲ့ကားတစ်စီးပေါ်တက်လိုက်သွားပြီး လမ်းထိပ်လေးတစ်ခုမှာဆင်းလိမ့်မည်။ အလိုမတူပဲ ကျလာ တဲ့ မျက်ရည်စတွေကို မုန်းတီးစွာနဲ့ ဖယ်ရှားသုတ်ရှင်းလိမ့်မည်။နာကျည်းစွာနဲ့ ကျတော်ကို
သူမ............................... မုန်း.......သွား...... ပေ.....လိမ့်.......မည်။

ဒီအဖြစ်ပျက်တွေဟာ တစ်ခုသော မိုးရာသီရဲ့ တစ်ညမှာ အခြေတည်ခဲ့တယ်
ဆိုတဲ့ ဆူးတစ်ချောင်း ရင်ထဲ ခုထိ ထိုးစိုက်နေမိတုန်းပင်................

ဖေ့ဘွတ်သင်ပုန်းကြီးဖတ်စာ (၂)



မှုခင်းတွေပိုမိုများလာသည်။
အချင်းချင်းလည်း ပစ်သတ်ကုန်ကြပြီ
လုံခြုံမှုအတွက် အာမခံချက်
အသက်ကို ဥာဏ်စောင့်နိုင်ကြပါစေ...

လှေသေးသေးလေးစီးရရှာသော
ဝန်ကြီးအား လွန်စွာသနားမိသည်။
တရုတ်ချေးငွေရလာပါက
စပိဘုတ်ဝယ်စီးပါရန်..
ဆန္ဒထုတ်ဖော်သင့်သည်။

လယ်သမားအရေးဆောင်ရွက်သူများ
စဉ်ဆက်မပျက်အဖမ်းခံနေရသည်။
စီမံချက်ရှိသော်လည်း
ချဲဒိုင်များဘေးကင်းနေကြသည်မှာ
အံ့သြဖွယ်ကောင်းလှသည်။
အင်အားမလုံလောက်၍
ချဲဒိုင်ဘက်မလှည့်နိုင်ခြင်းလည်းဖြစ်နိုင်သည်။

ငြိမ်ချမ်းရေးနေ့ ရောက်တော့မည်။
ပုဒ်မ (၁၈) အသင့်ပြင်ထားပါ။
ပြည်သူအများ ငြိမ်းချမ်းကြပါစေ..
ဒီတစ်နှစ် စိုက်ထူမည်ဆိုခဲ့လျှင်
ကျောက်တိုင်ကြီးမပျောက်ပါစေကြောင်း
သင်ပုန်းကြီးမှ ဆုတောင်းပါသည်။