Thursday, September 5, 2013

မခင်နှင်းဆီ...



တစ်မြို့လုံးမှာ မခင်နှင်းဆီကို မသိသူမရှိ။ ဖြူဝင်းသောအသား အရေနှင့် လိုက် ဖက် စွာ ကော့ညွှန့်အိစင်းနေသော ဆံနွယ်စတို့က ပေါင်ရင်းထိဖြောင့်  စင်း စွာ၊ ပြေပြစ်တင့်မောဖွယ်ကိုယ်ဟန်တို့ကဖြင့်မြင်သူပင့်သက်မချ မိသူ ခပ် ရှားရှား။ မြို့ငယ်လေးအတွက် မခင်နှင်းဆီရဲ့ အလှသတင်းမှာ မဆန့်မပြဲ။ ကျွန်တော်တို့လူငယ်တစ်သိုက် ရင်လှိုက်ဖိုခဲ့ရသည့် မခင်နှင်းဆီ။ အပြင်ထွက်လျှင် အထက်အောက် ဆင်တူဝမ်းဆက်ဖြင့်သာ ဝံ့ကြွားစွာဖြင့် တင့်တယ်မြဲ။ မခင်နှင်းဆီ ငယ်ဂုဏ်၊အလှဂုဏ်တို့ကြောင့် ပိုလို့ပင်ထင်ရှားပြီး လူငယ်တိုင်းအတွက် နေ့တိုင်း ရွတ် ဆိုရသော သီချင်းတစ်ပုဒ်ကမခင်နှင်းဆီ။

ဆယ်တန်းအောင်ပြီးစ ကျွန်တော်တို့လူငယ်တစ်သိုက်မှာ မခင်နှင်းဆီ၏ စက်ကွင်း တွင် လိုလိုလားလားဝပ်ဆင်းခဲ့သည်။ မခင်နှင်းဆီ စာအုပ်အငှား ဆိုင်လေး၏ မလှမ်းမကမ်းရှိ ဝမ်းတီးခုံပုလေးများတွင် ကျွန်တော်တို့အိမ် မက်တွေ ဖူးပွင့်ဝေ ခဲ့ကြ သည်။မခင်နှင်းဆီတွင်အမတစ်ယောက်ရှိသေးသည်။ အသက်အရွယ်အရမူ အပျိုကြီး စာရင်းဝင်နေသောလည်း အမှန်တကယ်ရှိလှ ၂၇ သာသာပင်။ရင့်ကျက် တည်ငြိမ်သော အရွယ် ဟု ယူဆ ခံရသဖြင့် စာအုပ်ဆိုင်ထိုင်ခွင့်ကို အိမ်ကခွင့်ပြုထား သည်။ မခင်နှင်းဆီကို တိတ်တခိုးမြင်ရဖို့အရေး စာအုပ်ဆိုင်ကြိုးဝိုင်းထဲရှောင်လွဲလို့မရ။

ကျွန်တော်တို့ လူငယ်များ သဘောတူညီမှုတစ်ခုယူထားကြသည်။ မခင်နှင်းဆီ ကို စောင့်ရှောက်ဖို့ပင်။ မခင်နှင်းဆီ၏ အလှကို ဘုံခံစား ကြ မည်။မခင်နှင်းဆီကို မည်သူမျှ အပိုင်စီး၍ မရ။ ဝိုင်းကာကွယ်စောင့်ရှောက် ကြမည်။ မခင်နှင်းဆီအကြောင်း ကဗျာတွေ ဝိုင်းဖွဲ့ကြမည်။ မခင်နှင်းဆီ အတွက် အိမ်မက်တွေ စုမက်ကြမည်။ သံစဉ်တွေကိုလည်း မခင်နှင်းဆီ အရောက် စုပို့ကြမည်။ မခင်နှင်းဆီသည် ဘုံအလှ၊ ဘုံကဗျာ၊ ဘုံဂီတ ၊ပြီးတော့ ဘုံဝေဒနာ အပိုင်းအစ ဖြစ်သည်။

အမှန်တကယ်စာဖတ်ဝါသနာပါသည့်အပြင် မခင်နှင်းဆီ၏ ညို့ ချက် တို့ ကြောင့် စာအုပ် ဆိုင်လေး သို့ ကျွန်တော်တို့ ပုံမှန်ရောက်ဖြစ်သည်။ သို့သော် တစ်ဦးမှာ ဆယ်မိနစ် ထက် ပို ၍ မရ ။ဒါက စည်းကမ်းပင်ဖြစ်သည်။ ဆိုင်ထဲ တွင် မခင်နှင်းဆီကို မတွေ့ လျှင် မမကြီးကို မျက်နှာချိုသွေးရသည်။ မခင်နှင်းဆီရှိလျှင် အနည်းငယ် စကားပြော ခွင့်ရသည်။ မြို့ငယ်လေးအတွက် မခင်နှင်းဆီနှင့် ကျွန်တော်တို့သည် မစိမ်း။ ရင်းနှီးစွာဖြင့် ပြောဆိုခွင့်ရသည်။ ပျားပုတုန်းတွေပမာ ရစ်ဝဲနေမှန်း သဘာဝအသိဖြင့် မခင်နှင်းဆီ သိသည်။ ကျွန်တော်တို့အဖွဲ့ထဲက ဇော်ကြီး ကတော့ ဆိုင်ထဲဝင်သွားလို့ ကြီးမေကြီးထိုင်နေလျှင် မမကြီး ရှိလား၊မမကြီး ရှိလား စသဖြင့် မေးတတ်သည်။ ထို့အခါ ကြီးမေကြီးက " နေဦး ငါခေါ်ပေးမယ်ဆိုပြီး နောက်ဖေးဝင်ကာ ဟဲ့သမီးကြီး နင့်ကိုမေးနေတယ် " ဆိုပြီးခေါ်ပေးလေ့ ရှိသည်။ မမကြီးထွက်လာတော့မှ ..." ဟီး ကျွန်တော်မေးတာ ဆရာဗန်မော်တင်အောင်ရေးတဲ့ မမကြီး ဝတ္တုစာအုပ်ပါဗျ " ဆိုပြီး စပ်ဖြီးဖြီး နှင့်ပြောရသည်။ သွားတွေ့တာ မခင်နှင်းဆီမျက်စောင်းလှလှလေး ရလိုက်တာ မမကြီး ဆီမှ ။ သို့နှင့် ထိုအခါက ဆယ်တန်းအောင်ပြီး စ ဇော်ကြီးတစ်ယောက် မမကြီးနှင့် ဖူးစာဖက်သွားရသည်။

ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အဖွဲ့မှ အသီးသီးလည်း အိမ်ထောင်ကျသွားကြပြီ။ ထိုင်နေကြဆိုင်လေးမှ စာပွဲထိုးလေးပင် ဆိုင်ရှင်သမီးနှင့် အကြောင်းပါကာ ဆိုင်ရှင်ဖြစ်သွားပြီ။မခင်နှင်းဆီတစ်ယောက်ကတော့ဖြင့်..........

............
.........
တစ်နေ့ မြို့လေးကို ကျွန်တော်ပြန်ရောက်သွားတော့ ဆိုင်ရှင်ကြီးက ဆီး ကြိုရန်ထောင်သည်။ မခင်နှင်းဆီ အခုလိုဖြစ်သွားတာ ခင်များတို့မှာ တာဝန် ရှိတယ်။ ခုဘယ်လိုလုပ်မလဲ။ဘယ်လိုဖြေရှင်းပေးမလဲ စသဖြင့် ကျွန်တော် လည်း မည်သို့မှပင်မပြောတတ်တော့ချေ။ မခင်နှင်းဆီတစ်ယောက်လည်း ရန်ကုန်မြို့ကြီး သို့ ပြောင်းရွေ့ သွားပြီ။ ယခုဆိုလျှင် ရှိလှ အသက်လေးဆယ် သာသာခန့် ရှိချေပြီ။ သတင်းစကားပါးထားတာ ကျွန်တော်ပြန်ကြားရသည်။ နင်တို့လုပ်လို့ ငါအပျို ကြီးဖြစ်နေ တာ ဟူသတည်း။ နင်တို့ထဲမှာ ဘယ်သူ ကျန်သေးလဲ ဆိုတော့ ဟီး ကျန်ဆို ကျတော်ပဲရှိတော့တယ်။ ခုအရွယ်မှ တော့ ဘယ်လိုမှ ခံစားလို့မရတော့ ပါဘူး ဗျာ။ ငယ်တုန်းကသာ ကြည့်လှ တာဗျ ဆိုတော့ သေနာကောင်တွေ ။ ငါ့အနားလည်း ဘယ်သူမှ ကပ်မရ။ နင်တို့ကလည်း လူပျိုစကားကလွဲ အကုန်လာပြောတယ်။ ခုတော့ ငါ့မှာ အပျိုကြီးလုံးလုံးဖြစ်ကျန်ခဲ့တော့တယ် ။ကောင်စုတ်၊ကောင်နာတွေ။

" မခင်နှင်းဆီ ... ကျော်ကြီး ကဗျာ လာရွတ်တာ မှတ်မိသေးလား" ကျွန်တော်က အစဖော်လိုက်ရာ မခင်နှင်းဆီမှာ ပြုံးယောင်ယောင် နုတ်ခမ်းလေး တွန့်ကွေးစွာဖြင့် " မှတ်မိတာပေါ့ " ဟု ပန်းနုရောင်ရှက်သွေးဖွှာစွာ ယခုတိုင် လှပသော အပြုံးလေးဖြင့် .......

ထိုနေ့က ကျွန်တော်တို့ နည်းနည်းသောက်ထားကြ သည်။ မှောင်စ ပျိုးသော အချိန်လည်းဖြစ်သော စာပိုး၊ကဗျာပိုးတွေက ကြွလာကြသည်။ မခင်နှင်းဆီ အိမ်ရှေ့မှာ ကဗျာသွားရွတ်မည်ဟု လက်သီး လက်မောင်းတန်းပြီး ကြွေးကြော် လိုက်တာက ကျော်ကြီး။ ဟုတ်ပြီ ဘာကဗျာတွေရွတ်ကြမလဲ ။မောင်ချောနွယ် လား၊ ပိုင်စိုးဝေလား ဆိုတော့ ကျော်ကြီးက လက်မခံ။ သူ့ကိုယ်ပိုင်ကဗျာ လက်တန်း ရွတ်မည်။ ဘုရား ကျော်ကြီးတော့ တစခန်းထပြီ။ ဖြစ် မှ ဖြစ်ပါ့ မလား ဆိုတော့ ဖြစ် ပါတယ် လာကွာ သွားရအောင် ဆိုပြီး မခင်နှင်းဆီတို့ အိမ်ရှေ့ သို့ တစ်ဖွဲ့လုံးရောက် ချသွားသည်။

ညက မနက်တနက်။အိမ်ထဲမှာ မီးရောင်လဲ့လဲ့တော့ မြင်နေရသည်။ အမှောင် ရိပ်ထဲမှ ကျော်ကြီး ချောင်း ဟန့်သံအရင်ပေးပြီး ။ " ကျွန်တော်တို့က သီချင်းဆိုတဲ့အဖွဲ့မဟုတ် ပါဘူး။ကဗျာရွတ်တဲ့အဖွဲ့ပါ "စပြီးအင်ထရိုဝင် သည်။ ထို့နောက် ..." တံခါးလေးခေါက် ဖို့ မပြောနဲ့ တံစက်မြိတ်နင်းရုံနဲ့တင် အပြစ် သားဖြစ်ခဲ့ရ တဲ့ ကျွန်တော် ပါ မခင်နှင်းဆီ၊ ကျွန်တော်တို့ ဘိုင်ပြတ်နေတဲ့ အချိန် ရဲ့ ကယ်တင်ရှင် မင်းသမီး၊ မခင်နှင်းဆီရဲ့ အလှဟာ ကျွန်တော့် ဝမ်းဝစေခဲ့ပါတယ်. ...အိုဘယ့် မခင်နှင်းဆီ...." လက်တန်းရွတ်လိုက်တဲ့ ထိုကဗျာ က အရှည်ကြီးပင်။မခင်နှင်းဆီရဲ့ အမေ ကြီးတော်ကြီး ကလော်တုတ်လို့ ထွက်ပြေးခဲ့ရ သည်။ ကျွန်တော်ပြန် အစဖေါ်ပေးတော့ မခင်နှင်းဆီ တစ်ယောက် ရှက်ယောင်ယောင်ဖြင့်. ..." ဒါနဲ့ ကျော်ကြီးတစ်ယောက်ကော ..." အင်း ကျော်ကြီး က အိမ်ထောင်ကျသွားပြီ မခင်နှင်းဆီ။ ကျော်ကြီး အကြောင်း၊ဒီကောင် ဗရုတ်ကျခဲ့တဲ့ အကြောင်းများ ကျွန်တော် ဖောက် သည်ပြန်ချလိုက်သည်။............

(အလျဉ်းသင့်ရင် ကျော်ကြီးအကြောင်းရေးပါဦးမည်။)

No comments:

Post a Comment