ခြောက်ကပ်ကပ် ဖားကြော်တစ်ဖက်ကို နှိုက်မြည်းရင်းစကားစလိုက်သည်။ " ငါတို့
တည်ဆောက်နေပေမယ့် ငါ့တို့ မဖြစ်ထွန်းသေးဘူးကွ ငကျော် ရ.."
ဖင်နား ကပ်နေပြီဖြစ်သော ပုလင်းထဲမှ လက်ကျန်ကို သွေးပျက်စွာ ကြည့်ရင်း
..သက်ပြင်း ခိုးချသံကြားလိုက်ရသည်။တိတ်ဆိတ်မှုကခြောက်ခြားဖွယ်။လေတစ်ချက်ဝေ့ကနဲ တိုက်လိုက်တော့ ကောင်တာမှ အရက်နံ့တို့က အလုအယက် ပြန့်ကျဲထွက် လာ သည်။မက်မက်မောမောရှုရှိုက်လိုက်ရုံမျှဖြင့် သွေးတို့ ဆူပွက်လာသည်။
" သိမ်မွေ့ တဲ့ ဒြပ်စင်တချို့က လမ်းခုလပ်မှာ မတ်မတ်ရပ် လို့ .."
ကဗျာတစ်စအသာချိပ်ပြီး လက်ကျန်လေးကို ကောက်မော့ လိုက် သည်။ငကျော်
မျက်ခုံးပင့်ကြည့်လာသည်။ ဂျိုးသိန်းကို ခုံအစွန်းဖြင့် သုံးချက်လောက်
ပစ်ဆောင့်လိုက်သည်။အဖျားကို ကိုက်ခါ ဖင်စီခံကို
လက်ညှိုးလေးဖြင့်အသာခြစ်လို့ ဖုန်တွေစင်အောင် ခါထုတ်နေသည် ။မှေးစင်းထားသော
မျက်လုံးတို့ဖြင့် ပိုင်နိုင်သေချာစွာပြုံးလိုက်တာကို ဖယောင်း တိုင် အလင်းရောင်ဖြင့် ပြတ်ပြတ်သားသား မြင်လိုက်ရသည်။
မှုတ်ထုတ်လိုက်သော ကာဗွန်ဒိုင်တွေရဲ့ နောက်မှာ " အသက်မဲ့သွားတဲ့
ပုလင်း တစ်လုံးရဲ့ အနာဂါတ်ကို ဘယ်လို ထုဆစ်ကြမလဲ " တီးတိုးစကားသံ
တိတ်ဆိတ် သွား တဲ့အခါမှ..." ယဇ်ပုလ္လင်အတွက် ငါတို့ အသင့်ဖြစ်နေသင့် တယ်.. "
ငကျော် ရေတစ်ခွက်ကို အာသာဖြေ မော့သောက်လိုက် သည် ။ခြောက်ကပ်စွာ
ရီမော လိုက်သည်..။လိုက်ရီပေးဖို့ ကျွန်တော်မပြင် ဆင် လိုက်ရသေးခင်ဖြစ်သည်။ကျွန်တော့်သီးခံနိုင်မှု အတိုင်းအတာတွေ က အနုတ်ပြနေပြီ..
အပြင်မှာ မိုးစက်တွေက အားကောင်းမောင်းသန်ရှိလှသည်။ " သေခြင်း တရားဆိုတာ
ကျိန်စာမရွတ်ခင် ရောက်ရောက်လာတတ်တဲ့ ငနာ ပဲ.." နာကျည်းစွာ
ရေရွတ် လိုက် မိတော့ ငကျော် ပခုံးတွန့်သွားသည်။ ဒီအခြေအနေကို ကျတော်
လက်လွတ်မခံနိုင်။" အဆုံးသတ်ဖို့သေချာပြီလားသူငယ်ချင်း...လက်နက်ချခဲ့မယ်ဆိုရင်တောင် ဖားတစ်ကောင် ရဲ့ ဈာပနမို့ အားနာသင့်တယ်.." ငကျော် မီးသေနေပြီဖြစ်သော ဆေးပေါ့ လိပ်ကို ကောက်ညှိရင်း ပြင်းပြင်းရှရှရှိုက်သွင်းလိုက်သည်။ ခိုင်မာသော ဆုံးဖြတ် ချက်တို့က
မျက်နှာပေါ်တွင် အထင်းသား။ရွှန်းရွှန်စားစားကို ကြည့် ပစ်လိုက် သည်။"
ဂုဏ်ယူတယ်သူငယ်ချင်း မင်းအတွက် ငါ ဂုဏ်ယူတယ်ကွာ။ တိမ်ဆိုးတွေနဲ့
စစ်ထိုးတဲ့ကြိုးဝိုင်းမှာ မင်းက တကယ့် သူရဲကောင်းပဲသူငယ်ချင်း..."
မျက်နှာတစ်ခုလုံး လက်လက်ထလို့ ဖောဖောသီသီပြုံးပစ်လိုက်သည်။ အင်ပါယာတစ်ခုကို
အကြွင်း မဲ့ အောင်နိုင်ခြင်းမျိုးဖြင့် ဝံ့ကြွားစွာ လက်မထောင်ပြ
လိုက်သည်။ငိုက်မြည်းနေသော ခုံပေါ်သို့ အဖြူတစ်လုံး ဝတ်လွှာတွေရုံပြီး
ဆင်း လာသည်။
မျက်ရည်တွေ တဝက်နီးပါးချွေချလိုက်ပြီး ခပ်မြန်မြန်ပင်
မော့ချ လိုက်သည်။ စစ်မြေပြင် မှ သူရဲကောင်းတစ်ဦး၏ ဓါးချက်အနုတ်အသိမ်းဆန်ဆန်
နုတ်ခမ်း တဝိုက် လျှာဖျားဖြင့် သိမ်းလိုက်ပြီး " စနေညရဲ့ မှော်ဆန်တေး
သွားဆိုတာ ဒါများလား.. ." ကျေနပ်ရောင်ဆမ်းထားသော အသံတို့ဖြင့်
ငကျော်ကိုမေးလိုက်သည်။
မျက်လှည့်ဆရာတစ်ယောက်ပမာ ငကျော်အိတ် ကိုဆွဲယူကာ ဇစ်ဖွင့်လိုက် သည်။ အိတ်ထဲမှ အခိုးအငွေ့များရိပ်ခနဲထွက်လာသလိုလို။ပတ်ဝန်းကျင်မှာ ပိုမိုတိတ်ဆိတ် သွားသည်။သွပ်ပြားနှင့် ထိတွေ့ကခုန်နေသော မိုးစက်မိုးပေါက် များမှာစည်းဝါးမမှန်။ လျှပ်စီးကြောင်းတစ်ခုက ဖြတ်ဆိုပေါ်ပြီး ပျောက်သွားသည်။မိုးခြိမ်းသံကပ်လိုက်မလာ။ အိတ်ထဲက
ဆွဲထုတ်လိုက်သော စာအုပ် တစ်အုပ်။ ပရပိုက်တစ်ခုပမာ ငြိမ်းဖွ ညင်သာ စွာဖြင့်
ဆွဲထုတ်လာခြင်း လည်းဖြစ်သည်။" အတုဆို ငါအရမ်းမုန်းတယ်.."
ဆက်စပ် ကင်းမဲ့စွာဖြင့်ငကျော်ထံမှစကားသံထွက်လာသည်။
စိတ်လှုပ်ရှားမှုအလုံးစုံ တို့ကြောင့် ခပ်မတ်မတ်တစ်ခွက်လောက်ထပ်ဖြည့်ထားသည်။နားစွင့်နေရင်း.."
...ဒါပေမယ့် ..." ဆို့နင့်ရီဝေနေသောအသံရှရှတို့ကကျွန်တော့်တည်ဆောက်မှုကို ပင့်တင်နေမှန်းရိပ်မိ လိုက်လေပြီ။
" ဒါပေမယ့်....မောင်ချောနွယ် အတုက ငါ့ဘဝရဲ့ ဒုတိယ ဘုရားသခင်ပဲ..."
ဂွမ်းခနဲ ကျကွဲသွားသည်။ ညိုမှိုင်းသော ကောင်းကင် လက် ထဲက
တစုံတရာပေါ့။ထင်ရာစိုင်းနေကြသောမိုးစက်မိုးပေါက်တွေကပိုမိုဗြောင်းဆန်လာချေပြီ . .. " တောက် .." တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်
လိုက်ရင်း ..." ဟေ့ ဒီမှာ နှစ်ထပ်သဘောင်္နဲ့ မြို့ ..လူတစ်ယောက်တောင်
မထမ်းပိုးနိုင်ရအောင် မင်းပခုံး မှာ ဘယ်လို အနာမျိုးတွေပေါက်နေတာလဲ..." အံတင်း တင်းကြိတ်ထားသော ငကျော်ထံမှ ဘယ်လိုအသံမှ ထွက်မလာတော့ချေ......
ညသည် ထပ်ဆင့်မှောင်မည်းလာသည်။မကျဉ်းရွက်နှစ်ဖက်ကလွဲလျှင် ပန်ကန် လုံး ထဲတွင် ဘာမှမရှိတော့...အတောင်အလက်မစုံတော့သော ဂျိုးသိန်းတလိပ်က လှဲလျောင်း လျက်သာ။ထုံးစံအတိုင်း တိတ် ဆိတ် သွားပြန် သည်။သက်ပြင်းပြိုင်တူ ချလိုက်သည်။.."
ဒီအချိန်မျိုးလောက်ဖြစ်မယ်.." ငကျော်မှ ထရန်ပြင်ဆင်ရင်းဖြင့် .... "
ဟစ်တလာ ညည အိမ်မက်ဆိုးတွေ မက်တာ.."အမှောင်ထဲကို အရိပ်နှစ်ခု တိုး ဝင် သွား သည်။မိုးစက်တွေက လမ်းလျှောက်လိုက်လာသလိုပင်...လမ်းခွဲတော့ သူ့ကို မှတ်မှတ်ရရ မှာလိုက်သေးသည်။
....................
No comments:
Post a Comment