Friday, October 25, 2013

ပင်စင်စားတွေရဲ့ နိုင်ငံရေးလက်ဖက်ရည်ဝိုင်း


၂၀၁၅ မြန်မာ့ ဒီမိုကရေစီ ခရီးကြမ်းကြီးကို လက်ဖက်ရည်ဆိုင်စကားဝိုင်းမှာ ဆွေးနွေးမိတယ်။
ပထမအင်အားစု အဖြစ် လက်ရှိအာဏာရပါတီကိုလည်း ထည့်တွက်ထားရမယ်။ ဒုတိယ အင်အားစုကတော့ ထွေထူးပြီး ပြောနေစရာမရှိဘူး။ အမေစုရဲ့   NLD ပေါ့။ တတိယအင်အားစု မှာတော့ အမြင်တွေ ကွဲပြားသွားကြတယ်။ ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် တို့ အဖွဲ့ ပါတီ အဖြစ်ပြောင်းလဲလာခဲ့ရင်ကော တတိယအင်အားစုအဖြစ်ရပ်တည်နိုင်မလား။ ဒါမှမဟုတ် တတိယ အင်အားစုအသစ်ကော ထွက်ပေါ်လာနိုင်စရာအကြောင်းရှိနိုင်မလား။

လတ်တလောသတင်းတွေအရ ဦးသိန်းစိန် ထပ်မပြိုင်တော့ဘူးဆိုပြီး ဦးရွှေမန်းကတော့
အတည်ပြု ထားတယ်။ ဦးဌေးဦးကလည်း သမ္မတအဖြစ်အရွေးချယ်ခံမယ်လို့ လေသံပစ်
ထားပြန်ရော.....ဦးရွှေမန်းရဲ့  လတ်တလောဆောင်ရွက်ချက်တွေနဲ့ ပုဒ်မ (၅၉) ခ အပေါ်
သဘောထားတွေကြောင့် လက်ရှိ လူကြိုက်များနေတယ်။ ဒါပေမယ့် သူအခြေခံမယ့်
ပါတီကတော့ သိတဲ့ အတိုင်း။ ဒီတော့ ဘက်ပြောင်းနိုင်ခြေရှိမလား။ ဒါလည်း တွေးစရာ
ဖြစ်ကြောင်း အားလုံးက လက်သင့်ခံကြတယ်။ မထင်မှတ်ပဲ ငုတ်ကောင် တစ်ကောင်
ထပ်ပေါ်လာလို့ သိပ်တော့ မအံ့သြပါဘူး။ ငုတ်ကောင်ကတော့ တချိန်က မင်းသားကြီး
လေ။ ဘဘဦးဝင်တင်နဲ့ နာရေးတစ်ခုမှာ တွေ့ပြီး နုတ်ဆက်တဲ့ သတင်းတွေပလူပျံလာတယ်။
ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ်ဆိုတာကောပေါ့။

တတိယအင်အားစုအဖြစ် မှန်းဆနိုင်စရာတွေက များလာတယ်။ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့် ပတ်သက် မှုကိုလည်း ဆက်တွေးကြည့်မိတယ်။ ဦးရွှေမန်းဆိုတာ ဦးခင်ရွှေနဲ့က ခမည်းခမက်။
ဦးခင်ရွှေဆိုတာဦးခင်ညွှန့်ရဲ့လက်ရှိလူမှုရေးလုပ်ငန်းတွေအတွက် အဓိက ထောက်ပံ့ နေသူ။ ရွှေ၊ ခင်၊ ညွှန့် (၃) ယောက်တွဲကစားကွက်က တတိယအင်အားစုဖြစ်နိုင်မလား။

ဒီနေရာမှာ ပြည်သူလူထုကိုမယုံလို့မဟုတ်ကြောင်းစကားဦးသန်းထားချင်တာက၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အစိုးရဖွဲ့နိုင်လောက်တဲ့ ကိုယ်စလှယ်အရေအတွက် မရဘူးဆိုပါစို့။ တိုင်းရင်းသားပြည် နယ်တွေမှာ တိုင်းရင်းသားတွေပဲ ရနိုင်မယ်။ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ NLD မဟုတ်ကြံ့ခိုင်ရေး မဟုတ်ရင် ဘယ်ပါတီကို မဲပေးမလဲ။လက်ရှိအားကောင်းနေတဲ့ လှုပ်ရှားမှု၊ ပြည်သူတွေကို
အကြောက်တရားတွေ ရင်ထဲထည့်စေပြီး မျိုးချစ်စိတ်တွေ နင်းကန်တည်ဆောက်နေတဲ့ အင်အား စုတွေက နိုင်ငံအနှံ့အပြားမှာ အားကောင်းလာတယ်။သူတို့သာ ပါတီဖြစ်လာ ခဲ့ရင် ပြည်သူ့ မဲတွေ က သူတို့ဆီကိုအမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေးခေါင်း စဉ်အောက် ကနေ အလွယ်တကူရောက်သွားနိုင်မယ်။သူတို့က ဘယ်သူတွေဖြစ်မလဲဆိုတာတော့စိတ်ဝင်စား စရာပါ။ သေချာတာက မင်းသားမပါပဲနဲ့ တော့ ရုပ်ရှင်မရိုက်ဘူး။ လက်ရှိ နာမည်ရ မင်းသားတော့ ပါမှကို ဖြစ်တော့မှာပေါ့..........

စိတ်ဝင်စားစရာ မြန်မာ့အရေး နဲ့ ငုတ်ကောင် ဘယ်သူဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ စကား လက်စသတ်လိုက်ကြတယ်။လက်ဖက်ရည်ဆိုင် စကားဝိုင်းလေးကတော့ ထုံးစံအတိုင်း အတွေးတွေ ဗရဗွနဲ့။ ပင်စင်စားတွေရဲ့  ညနေခင်းဟာ သတင်းစာတစ်စောင် ၊ ကျဆိမ့် ရိုးရိုးတစ်ခွက်နဲ့ ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်ကို ထိုင်ကြည့်နေရသလိုမျိုး.ရသမျိုးစုံတဲ့နိုင်ငံရေး မှာ အာတွေတောင် အတော်ခြောက်သွားပုံများ...
                          " ညီလေးရေ...... ရေနွေးတစ်အိုးကွာ...." တဲ့.........

မိုးဝေသော်

အမေစု နှင့် BBC



BBC နဲ့ အင်တာဗျူးမှာ အမေစု ပြောသွားတာ ရှင်းရှင်းလေး။ " ဗုဒ္စဘာသာအသိုင်းအဝိုင်းနဲ့
မွတ်စလင်အသိုင်းအဝိုင်းကြားမှာ တစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့မှုတွေကနေ အသိုင်းအဝိုင်း
နှစ်ခုကြား တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ" ...... နိုင်ငံတကာက သိထားတာ လူနည်းစု
မွတ်စလင်တွေက လူများစု ဗုဒ္စဘာသာဝင်တွေကို ကြောက်ရွံ့နေရတယ်ဆိုပြီးသိထားတာ။
ဒီလိုအမြင်မျိုးဖြစ်အောင်လည်း ပြည်ပမီဒီယာတွေ နဲ့ အခြားအခြားသော အသိုင်းအဝိုင်းတွေ
လူ့အခွင်းရေးလှုပ်ရှားသူတွေက ထောက်ပြနေကြတယ်။ ဟုတ်ပြီ အဲ့တော့ အမေစု ပြောသလို
မွတ်စလင်အသိုင်းအဝိုင်းက ကြောက်ရွံ့နေမှု။ နောက်တစ်ခုက ဗုဒ္စဘာသာအသိုင်းအဝိုင်းက
ကြောက်ရွံ့မှုကျတော့ ပုံစံတမျိုး။ ကမ္ဘာနေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့်
ဘာသာခြားအသိုင်းအဝိုင်းကို စိုးရိမ်ထိတ်လန့်မှုက နဂိုရှိရင်းကြောက်ရွံ့မှုအဖြစ်ကိန်းအောင်း
နေတယ်။ ဒီအပြင် မသေချာသော ကိန်းကဏ္ဍန်းအချက်အလက်တွေနဲ့ နောက် နှစ်ပေါင်း ဘယ်
လောက်ဆိုရင် မြန်မာနိုင်ငံကြီးကဘာသာခြားနိုင်ငံဖြစ်သွားမယ်ဆိုတဲ့ ဟောပြောမှုတွေ၊ တေးသီ
ချင်းတွေ ၊ရေးသားမှုတွေကြောင့် စိုးရိမ်ကြောက်ရွံ့မှုက ဗုဒ္စဘာသာအသိုင်းအဝိုင်းမှာ ကြီးထွားလာတယ်။ ကြောက်ရွံ့မှုကနေ လက်ဦးမှုအဖြစ်အသွင်ပြောင်းလာကြတယ်။
လက်ဦးမှုခြင်း ထိပ်တိုက်တွေ့လိုက်တော့ မဆုံးနိုင်တဲ့ ပဋိပက္ခတွေနဲ့ မြို့လည်ခေါင်ဒုက္ခသည် စခန်းတွေသာ အရုပ်ဆိုးအကျည်းတန်စွာနဲ့ တစ်မြို့ပြီး တစ်မြို့ပေါ်ပေါက်လာပါရောလား။

အမေစုပြောသွားတာ ဘယ်လောက် ပါးနပ်လိုက်သလဲ။ ဦးဝီရသူကဲ့သို့သော အမျိုးသားရေး စိတ်ဓါတ်လွန်ကဲနေတဲ့ ၉၆၉ လှုပ်ရှားမှုမျိုးကို ဘယ်လိုသဘောထားလဲဆိုတော့ " ဒီ့အပေါ်မှာ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ အမြင်ကို မေးနေမယ့်အစား အစိုးရရဲ့ မူဝါဒ ဘယ်လိုရှိသလဲဆိုတာကို မေးသင့်ပါတယ်..." တဲ့.......

ဟုတ်တယ်လေ။အစိုးရရဲ့  မူဝါဒ ဘယ်လိုရှိတယ်၊ ဒီဖြစ်ရပ်တွေကို ဘယ်လို သဘောထားတယ်၊
နောက်ကွယ်မှ ကြိုးကိုင်နေသူတွေကို ဖေါ်ထုတ်ဖို့ ဘာလို့ ဒီလောက်ကြာနေတယ်ဆိုတာ
အမေစုက ဘယ်လိုလို့ သိနိုင်မှာလဲ။ နော့ ...........

မိုးဝေသော်

Thursday, October 24, 2013

သူခိုးက သူခိုး..... အမျိုးက အမျိုး...

ယနေ့ အမှတ်တမဲ့ကြားလာခဲ့ရသောစကားတစ်ခွန်း......

ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင်ဖြစ်သည်။

" ၂၀၁၅ ကို စိတ်ဝင်စားတယ်..အမေစုကိုပဲ သမ္မတ ဖြစ်စေချင်တယ်..
အမေစုနဲ့ပတ်သက်ပြီး ကျန်တာဘာမှ မသိဘူး.... ဗိုလ်ချုပ်အောင်ဆန်း
သမီးဆိုတာပဲ သိတယ်........ သူကတော့ ငါတို့ကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး" တဲ့...

ဒါ နိုင်ငံရဲ့ လူများစုဖြစ်တဲ့ အခြေံလူတန်းစားတွေရဲ့ ရင်တွင်းစကားနော်........
နှစ်ပေါင်း (၅၀) ကျော် လိမ်ခဲ့၊ညာခဲ့၊ ရွှီးခဲ့သူတွေ အထုတ်သာပြင်ထားကြတော့.......

*************************************************
ဒီမြို့နယ်လေးက အတော်သဘောကျဖို့ကောင်းတယ်ဗျ။ ကြားဖြတ်တုန်းက အမေစုကိုယ် တိုင် လာဟောပြောခဲ့တဲ့ ရန်ကုန်ထဲက မြို့နယ်လေးပေါ့။တိုက်ခန်းတွေကြီးပဲ ရှိတဲ့ ရပ်ကွက်လေးဘေး နားမှာ လက်လုပ်လက်စားလူတွေအများစုနေတဲ့ ခရိုးခရိုင် ရပ်ကွက်လေးတစ်ခုက ကပ်လျက် တည်ရှိနေတယ်။လူမျိုးစုံရှိပြီး ပညာအခြေခံနည်းတဲ့ နေရာလေးဆိုတော့ ဟိုပါတီကြီး အကြိုက်ပေါ့။သူတို့ က အမာခံအဖြစ်သဘောထားပြီး လမ်းတွေခင်း၊ မီးတွေသွယ်၊ တစ်အိမ်ထောင်သုံးထောင်တွေပေး၊ ကွန်ကရစ်လမ်းကျယ်ကြီးခင်းလိုက်တာများ မုဒ်ဦးကြီးကို
ဟီးနေအောင် ထောင်ပေးထားတာ။ အမေစုလာတဲ့နေတုန်းကလည်း ဘီအမ်ကားကြီး
တွေစီစဉ်ပေးပြီး ဘုရားဖူးဆိုပြီးအခမဲ့ပိုဆောင်ပေးတဲ့အပြင် ငွေသုံးထောင်ပါ အဆစ်
ထည့်ပေးသေးတယ်။ အမေစု ဟောပြောပွဲလူနည်းအောင်လုပ်တာလေ။ တကယ် လည်း မဲ ပေးရော..... အဲ့ရပ်ကွက်ရဲ့ ၈၀ ရာခိုင်နုန်းလောက်က NLD ကိုပဲမဲပေးလိုက်တယ်... မှတ်ကရော........... ပေးတာယူ .....ကျွေးတာစားတယ်........ဒါပေမယ့် သူခိုးက သူခိုး.... အမျိုးက..... အမျိုး........ သိတာပေါ့..ခွဲခြားတတ်တာပေါ့...ဗိုလ်ချုပ်ရင်သွေး..... အမေစု ဆိုတာ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်လို့ အမျိုးလိုဖြစ်နေတာ။ သွေးပြောတာကို ယုံကြတယ်။

မိုးဝေသော်

Tuesday, October 22, 2013

လက်မဲကြီး



ကျွန်တော် ဒီအကြောင်းတွေပဲ ရေးနေရတာအကြောင်းရှိသည်။ ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်
ကို တစ်ကမ္ဘာလုံးဆွတ်ယူစားသောက်နေချိန်တွင် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ဆာလောင်
မွတ်သိပ်စွာ တောင်းဆိုစောင့်စားခဲ့ရတာ နှစ်ပေါင်း (၅၀) ကျော်ပင်။ ပြောရရင် မျိုးဆက် (၂)
ဆက်စာလောက်စောင့်စားနေခဲ့ရတယ်။ ယခုသော် ရောင်နီလင်းစပြုလာချိန်တွင် နောက်ကွယ်မှ
လက်မဲကြီးများစွာတို့ဖြင့် လူထု၏ အမြင်အာရုံတို့ကို ဝေဝါးသွားစေရန် စနစ်တကျဖြင့် ကာဆီး
ရန်ကြိုးစားလာကြသည်။ဒီနေရာမှာ နောက်ကြောင်းပြန်လှည့်မှာတို့ စစ်တပ်ကအာဏာပြန်သိမ်း
မှာတို့ စသည့် ရိုးအီနေပြီး လူကြိုက်နည်းတဲ့ ကစားကွက်အကြောင်းခေါင်းထဲက ထုတ်ထားပြီး
ကစားကွက်အသစ်တွေ စဉ်းစားကြည့်ကြရအောင်။

ဖြစ်စဉ် (၁)

တမင်ရည်ရွယ်ရင်းမဟုတ်နိုင်သော်လည်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို အကြောင်းပြုပြီး
အမျိုးသားရေးလှုပ်ရှားမှုတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ အားကောင်းလာကြသည်။
ကိုယ်တိုင်လည်း အမျိုးသားရေးစိတ်ဓါတ်ထက်သန်သူဖြစ်သောကြောင့် လက်ခုပ်တီးပေး
ရုံသာ ရှိသော်လည်း အဆိုပါ လှုပ်ရှားမှုများမှာ များမကြာမီပင် လမ်းကြောင်းပြောင်းလဲ သွား သည်ကို အထင်အရှားတွေ့မြင်နေရသည်။ NLD နှင့် အမေစု ကို သိသိသာသာပင် ထိပါးစော် ကား တိုက်ခိုက်လာကြသည်။ မွတ်ဒေါင်းပါတီ ဆိုပြီး သမုတ်ခဲ့ကြသည်။ အာဏာရပါတီနှင့်  ပတ်သက်ပြီး လေသံ တစွန်းတစမျှပင်မဟ။ ဟောပြောပွဲများ၊စည်းရုံးပွဲများလက်မှတ်ထိုးပွဲ များ ၊တရားပွဲများဖြင့် လူထု ၏ အမြင်အာရုံကို ဖမ်းစားထားကြသည်။မျိုးစောင့်ဥပဒေ ကို ကန့်ကွက်ပါက မဲမရအောင်လုပ်မည်ကဲ့သို့သော် ခြိမ်းခြောက်အကြပ်ကိုင်မှုများကိုလည်း  လူသိထင်ရှား ပြောဆိုလာကြသည်။

ဖြစ်စဉ် (၂)

၂၀၁၅ အလွန်သမ္မတဖြစ်နိုင်ချေရှိသော ပုဂ္ဂိုလ်မှာ လက်ရှိ (၂) ဦးသာရှိနေပါသည်။ ဦးသိန်းစိန်   နှင့်ဦးရွှေမန်းပေါ့။ အခြေခံဥပဒေကို သာ အောင်မြင်စွာ ပြင်နိုင်ခဲ့မည်ဆိုလျှင် အမေစုပါ သမ္မတ ဖြစ်နိုင်သည်။ ၂၀၁၅ ရောက်ရန်အတွက်လည်း လပေါင်း (၂၅) လစွန်းစွန်းသာကျန်တော့ သည်။ လူထုတစ်ရပ်လုံး၏ စိတ်ဝင်စားမှုအလုံးစုံသည် အခြေခံဥပဒေပေါ်တွင်သာ အာရုံစိုက်နိုင် ရန်လည်းအထူးလိုအပ်နေပေသည်။ နိုင်ငံ၏ ကံကြမ္မာ၊ နောက်မျိုးဆက်တွေ၏ ကံကြမ္မာမှာ အခြေခံဥပဒေအပေါ်လူထုစိတ်ဝင်စားမှုနှင့် ပြုပြင်နိုင်ရန်အတွက် တက်ကြွစွာ ဝိုင်းဝန်းတောင်းဆို ဆန္ဒပြုရန်အထူးလိုအပ်နေချိန်လည်းဖြစ်သည်။ NLD ၏ အသိပညာရှင် အတတ်ပညာရှင် များစွာထဲမှ ရှေ့ နေကြီးဦးကိုနီကို အခြေခံဥပဒေပြုပြင်ရေးနှင့်ပတ်သက်ပြီး တာဝန်ပေးထား ခဲ့ သည်။ ဦးကိုနီနှင့် ဥပဒေရေးရာများအကြောင်းကို သူ့ရေးတဲ့စာတွေဖတ်ဖူးတဲ့သူများ၊သူ့ သင်တန်းတွေ မှာ တက်ရောက်ခဲ့ဖူးသောဥပဒေကျောင်းသားများ ကောင်းစွာသိပါသည်။ ဒီအချိန် မှာ အမျိုးသားရေးဝါဒီတို့ တစ်စခန်းထလာပြန်ပါသည်။ ဦးကိုနီကို ဘာသာခြားမို့ ပြုပြင်မည့် အခြေခံဥပဒေဟာလည်း သူ့ဘာသာ သူ့လူမျိုးအကျိုးစီးပွားအတွက်သာဖြစ်မည်ဟု မှိုင်းတိုက် လာ ကြပြန်ပါသည်။NLD သာ အာဏာရလာခဲ့လျှင် မွတ်နိုင်ငံကြီးဖြစ်သွား လိမ့်မည် ဟု   ရေးသားဟောပြောစည်းရုံးမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင် လာကြပြန်ပါသည်။ ဘာသဘောတွေ  လည်းဆိုတာ စေ့စေ့တွေး ရေးရေးမြင်နိုင်ပါသည်။

ဖြစ်စဉ် (၃)

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအခြေခံဥပဒေပြုပြင်ရေးကိစ္စပေါ်ပေါက်လာချိန်တွင် နိုင်ငံရေး
စကားတွင်တွင်ပြောလာသည်ကို သတိထားမိသည်။အမျိုးသားရေးနှင့် နိုင်ငံရေးခွဲခြားမရဆိုပြီး အသံကောင်းဟစ်ကြပြန်ပါသည်။လွန်ခဲ့သော နှစ်ဆန်းပိုင်းလောက်ထိ နိုင်ငံရေးအခင်းအကျင်းမှာ
 ပြည်သူတစ်ရပ်လုံး၏တခဲနက်ထောက်ခံထားမှုများက NLD ပေါ်တွင်သာ စုပုံနေသည်။ ၂၀၁၅ အတွက်အဖြေပင် ထွက်နေလေပြီ။သို့သော် ဖြစ်ပေါ်လာသော အရေးအခင်းများ၊ပဋိပက္ခများနှင့် အခြားအရာများကြောင့် လူထု၏ အသိအမြင်အချို့ ဝေဝါးကုန်ကြပြီ။သမ္မတဖြစ်ချင်သူ သုံးဦးအကြောင်းပြန်ဆက်ပါဦးမည်။ သမ္မတဖြစ်လိုသူ သုံးဦးအနက်(၂) ဦးမှာ အာဏာရပါတီ တစ်ခု တည်းမှ ဖြစ်သည်။ ပါတီတွင်းမှာကိုပင် သမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းနိုင်   ရန် ပြိုင်ဆိုင်ရဦးမည့်သဘောပင်။ ထိုမှတဆင့် ဝင်ရောက်အရွေးချယ်ခံသော မဲဆန္ဒနယ်တွင် လည်းအနိုင်ရရှိရန် လိုအပ်နေသေးသည်။ ထိုအဆင့်မှာ ယခင်ကအတိုင်းဆို မလွယ်ပင်။ ကြားဖြတ်ရွေးကောက်ပွဲတွင်နေပြည်တော် မဲဆန္ဒနယ် (၄) နေရာက သက်သေပင်။  NLD ကို ယနေ့တိုင် တိုက်ခိုက်နေသော အမျိုးသားရေးဝါဒီတို့၏ ရည်ရွယ်ချက်ကို မှန်းဆမိလာသည်။ ၄င်းတို့သည် ဘာသာရေးရည်ရွယ်ချက်၊အမျိုးသားရေးရည်ရွယ်ချက်မဟုတ်   နိုင်ငံရေးရည် ရွယ် ချက်ဖြင့် တိုက်ခိုက်နေခြင်းသာဖြစ်သည်။

၂၀၁၅ အတွက် အခင်းအကျင်းသစ်ကို ကြိုတင် စိတ်ကူးမိသည်။ နယ်တွေမှာ စဖွဲ့နေတဲ့ ဝံသာနုရက္ခိတဆိုတဲ့ အသင်းတွေကနေ မကြာခင် နိုင်ငံရေးပါတီတစ်ခုလာဖြစ်ဖို့ များတယ်။ ခုလည်း နှပ်ကြောင်းပေးနေပြီပဲ။ကြိမ်းသေ မဲရနိုင်ချေရှိတဲ့ နေရာတွေကတော့ ယခုထိ ပဋိပက္ခ ဖြစ်ထားခဲ့တဲ့ နေရာတွေပေါ့။ တဖက်ကလည်း အခြေခံဥပဒေပြုပြင်ရေးကို ဆရာဦးကိုနီ ကိုအကြောင်းပြပြီးကန့်ကွက်ကြနဲ့ဆိုတော့အတော်ကြည့်ကောင်းတဲ့ပွဲပါ။ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ပိတ်ကားပေါ်မှာပဲဆက်ကြည့်ဖို့ရှိတော့တယ်။အခြေံဥပဒေ ပြုပြင်နိုင်ရင် အကျိုးရှိမှာ ပြည်သူတွေပဲဖြစ်သည်။ မပြုပြင်ပဲ ဒီလူတွေနဲ့ ဒီအတိုင်းပဲ ဆက်သွားနေရင်တော့ ဘယ်သူတွေ အကျိုးဆက်ရှိနေဦးမှာလဲ။တွေးစရာပင်။

လှည့်ကွက်တွေ၊ဆင်ကွက်တွေ၊ဖန်တီးထားတဲ့ကစားကွက်တွေကိုနားယောင်မိနေမယ်ဆို ရင်တော့ နောက်ငါးနှစ်ဆက်မှောင်နေရဦးမှာပဲ။ သမ္မတဖြစ်ထိုက်သူသုံးဦးထဲမှာ အမေစုလောက် ဘယ်သူ့ကို ယုံကြည်မလဲဆိုတဲ့ မေးခွန်းပဲ ကိုယ်တိုင် ပြန်မေးပြီး တိုင်းပြည်၏ ကံကြမ္မာ၊ အနာဂါတ်မျိုးဆက်တွေရဲ့ ကံကြမ္မာက သင်ကိုယ်တိုင်၏ လက်ထဲတွင်သာ ရှိသည်မို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေရန် ရည်သန်ရေးသားလိုက်ရပါသည်။

မိုးဝေသော်

၂၀၀၈ ခုနှစ်က အလိုမတူပဲ ၉၂ ရာခိုင်နုန်းကျော် စာရင်းထဲပါသွားသော သင့်မဲဆန္ဒတစ်ခုအတွက် သင့်မှာ တာဝန်သည်။


သော့အထပ်ထပ်ခပ်ပိတ်ထားပြီးသံကွန်ခြာခုနှစ်ထပ်နဲ့အုပ်ထားသောစာအုပ်အစိမ်းကြီးကို
 ပြည်သူတွေကမနှစ်မြို့တော့ကြောင်းစကားတွေ ကျယ်ကျယ်လောင်လောင်ကြားလာ ရပြီ။ ကျယ်လောင်မြည်ဟီးလုမတတ်ဖြစ်စပြုနေသောပြည်သူ့အသံတွေက တုန်ခါပေါက်ကွဲခဲ့သော ဗုံးသံတွေကြောင့် အနည်းငယ်မှေးမှိန်သလိုဖြစ်သွားသည်။သို့သော် ကျွန်တော်တို့ မျက်ခြေပြတ် ၍မဖြစ်ပေ။ အခြေခံဥပဒေပြင်ဆင်ရေးဆိုသော ပန်းတိုင်ကို မျက်ခြေပြတ်ခံ၍ လုံးဝမဖြစ်ပေ။
မျိုးဆက်သစ်တွေ၏ အနာဂါတ်အတွက် ကိုယ်တိုင် ဖန်တီးတည်ဆောက်ယူရမည့် အချိန် လည်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော် အမတ် ၇၅ ရာခိုင်နုန်းလိုတယ်ဆိုတာတော့ အားလုံး အသိ ပင်။ သို့သော် လစ်လပ်အမတ်နေရာတွေဖယ်လိုက်မယ် ဆိုလျှင် ပြည်သူ က ရွေးချယ် တင်မြှောက်ထားသောကိုယ်စလှယ်သက်သက်မှာကို ၇၅ ရာခိုင်နုန်းမပြည့်မီတော့ပေ။
ကျန် ၂၅ ရာခိုင်နုန်းက ရွေးချယ်ခံမဟုတ်သော တိုက်ရိုက်ခန့်တပ်မတော်သား ကိုယ်စလှယ် များ။  " ဒီနေရာမှာ နည်းနည်းတော့မူမမှန်ပါဘူး။ ကောင်းမွန်တဲ့ အရာလည်းမဟုတ်ပါဘူး " လို့ လူဇင်ဘတ်နိုင်ငံမှာရောက်နေတဲ့ လူထုခေါင်းဆောင်၊ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်တွေကို ပြောခဲ့တယ်။

ဒီ့မတိုင်ခင် လွှတ်တော်ထဲမှာလည်း မေးခွန်းတွေမေးတာကြားခဲ့လိုက်တယ်။လစ်လပ်လွှတ်တော် အမတ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်ပေးဖို့ အစီစဉ်ရှိမရှိဆိုတွေ။ ဒီတော့   ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူ့ဘက်တော်သားအဖြစ်ပြောင်းလဲလိုက်တော့မယ်ရယ်လို့ ဘယ်ပါတီကဘယ်လိုနည်းနဲ့ အနိုင်ရလာတဲ့ လွှတ်တော်အမတ်ဖြစ်ဖြစ် သမိုင်းကြောင်းကောင်း
အောင်ရပ်တည်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင်တောင်မှ ၇၅ ရာခိုင်နုန်းမပြည့်နိုင်တော့ ဘူး။တစ်ခုတွေးစရာက လက်ရှိ လွှတ်တော်တက်နေတဲ့စာရင်းအရ ၇၅ ရာခိုင်နုန်းအကျော်လား (သို့) လွှတ်တော်ထဲက လွှတ်တော်အမတ်အားလုံးနဲ့ တပ်မတော်သားကိုယ်စလှယ်တစ်ဦး ပေါင်း ၇၅ ရာခိုင်နုန်းအကျော်လားဆိုတာ သိပ်တော့ နားမရှင်းသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်လက်ကျန်လပေါင်း(၃၀)အတွင်းအစိုးရကလည်းသမိုင်း ကြောင်းကောင်းအောင် ကြိုးစားလုပ်ဆောင်မယ်လို့ယုံကြည်ပါတယ်။ပြည်သူတွေဘက်ကလည်းမလွဲမသွေဆောင် ရွက်ရ မည့်ပြည်သူ့တာဝန်အဖြစ်အခြေခံဥပဒေပြင်ဆင်ရေးကိုအလေးနက်ထား တိုက်တွန်းလုပ်ဆောင် ပါဝင်လှုပ်ရှားဖို့လိုပါမယ်။အနာဂါတ်မျိုးဆက်တွေအတွက် လူအခွင့်အရေး၊ဒီမိုကစေီအခွင့်အရေး၊ တန်းတူအခွင့်အရေးတွေအတွက် လက်ရှိ ပြည်သူတွေရဲ့  ပခုံးပေါ်တာဝန်အသီး သီးရောက်ရှိ လာပါပြီ။၂၀၀၈ခုနှစ်ကအလိုမတူပဲ ၉၂ ရာခိုင်နုန်းကျော်စာရင်းထဲပါသွားသော သင့်မဲဆန္ဒတစ်ခု အတွက်လည်း သင့်မှာ တာဝန်ရှိနေသေးသည်။ ပြည်သူတွေလိုချင်တာဘာလဲဆိုတာပြရမည့် အချိန်လည်းဖြစ်သည်။အခြေခံဥပဒေပြင်ဆင်ဖို့ ပြတ်သားစွာ ထောက်ခံရမည့်အချိန်လည်းဖြစ်ပါ
သည်။ပြည်သူသာလျှင် အခရာဖြစ်မည့် အခြေခံဥပဒေဖြစ်ပေါ်လာရေးအတွက် ပြည်သူအားလုံး အသင့် ဖြစ်နေစေရန် ထပ်မံနိုးဆော်လိုက်ပါသည်။

မိုးဝေသော်

Monday, October 21, 2013

အွန်လိုင်းလေထန်ကုန်းဆီမီးငါးရာ (သီတင်းကျွတ်လပြည့်နေ့)

လေထန်ကုန်း ဆီမီးငါးရာ
ပြင်ဆင်တုန်း



လေနဲ့မိုးနဲ့ (၂) ပါးပြိုင်တဲ့ ဆီမီးမြိုင်မြိုင်

မြန်မာပြည် ငြိမ်းချမ်းပါစေကြောင်း



ပြတ်သားတဲ့ သမ္မတ


ဇာတ်ကတော့ ခပ်နာနာပဲဗျို့  ...... လွှတ်တော်မှာ ပြည်သူတို့၏ တိုင်ကြားစာနဲ့ အသနားခံ စာကော်မတီဆိုတာရှိတယ်။ဒီမှာတင် အသနားခံစာတစ်စောင်ရောက်လာပါလေရောလား.... သာမန်လည်းမဟုတ်ဘူး။ နိုင်ငံနဲ့လူမျိုးအတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်ထားခဲ့ဖူး သူတွေ ခုဆို အသက် (၉၀) ကျော် အရွယ်တွေပေါ့။ တစ်ခေတ်တခါကတော့သူတို့ကို နိုင်ငံဂုဏ်ရည် ပထမအဆင့် ၊ဒုတိယအဆင့် စသဖြင့် ခွဲပြီး ဂုဏ်ပြုခဲ့ကြတယ်။နိုင်ငံဂုဏ်ရည်တဲ့...နာမည်လေး ကတော့ အတော်လှပါတယ်။ သိပ်လည်း ဂုဏ်ယူဖို့ကောင်းလှတယ်။ ၁၉၈၀ လောက်ကပေးခဲ့ တာ ချီးမြှင့်ငွေ တစ်လ (၆၀၀) (၃၀၀) စသဖြင့်ပေါ့.... ခုတော့ ခေတ်ကာလနဲ့ လိုက်လျော ညီထွေတဲ့ ထောက်ပံ့ကြေးချီးမြှင့်ငွေလေးတိုးမြှင့်ပေးဖို့ အစီစဉ် ရှိမရှိကိုတုန်တုန်ချိချိ နဲ့ မရဲတရဲလေးမေမိကာမှပဲ ပြန်ဖြေလိုက်ပုံတွေကြောင့် ရင်ကွဲနာကျပြီး ဗိုင်းကနဲတောင် လဲသေနိုင်လောက်တယ်။

သမ္မတရုံးဝန်ကြီးဦးစိုးမောင်က ...အစီစဉ်မရှိပါဘူးတဲ့...... လူကြားလို့မကောင်းပါဘူးကွယ်ရို့  .....တဲ့ လွှတ်တော်ဥက္ကကြီးကတောင်မချိတင်ကဲ ပြန်ပြောယူရတယ်...... ကဲပါလေ... သမ္မတကြီးကို တင်ပြပေးကြည့်ပါဦးကွယ်..... တမျိုးစဉ်းစားနိုင်ကောင်းပါရဲ့...သမ္မတကြီး က မပေးနိုင်ဘူးဆိုရင်လည်း မပေးနိုင်ကြောင်းလာပြန်ဖြေပေးပါလားကွယ်....ဆိုတော့မှ အတွင်းသဘော စင်းစင်းပေါ်လာပါလေရောလားဗျာ........သမ္မတကြီးကို တင်ပြပြီးသား ပါတဲ့. ...... ဒီအတိုင်းပဲ ဖြေပေးထားပါသတဲ့လေ...........ပြတ်သားလိုက်ပါဘိ.........ဘဝနေဝင် ချိန်တွေ ၊ ဆင်းရဲခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသူတွေ... မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့သူတွေကို တစ်လ လက်ဖက်ရည်တစ်ခွက်စာနဲ့ သမ္မတကြီးနဲ့အတူ ဂုဏ်ပြုလိုက်ကြပါစို့လား ....

>>> ချီးယား<<<<<<


မိုးဝေသော်

Sunday, October 13, 2013

ကျော်ဟိန်းပြန်လာပြီ......



ရမည်းသင်း NLD ရုံးမှာ ဝံသာနုရက္ခိတအသင်းဖွဲ့စည်းဖို့ တင်ပြတယ်ဆိုတဲ့ သတင်းလေးကို လွှတ်တော်အမတ် ဒေါ်စန္ဒမင်းက ရေးတင်ထားတာတွေ့လိုက်ရတယ်။ ဆူညံပွက်လောရိုက်နေ တဲ့ လူမျိုးရေးအရှုပ်ထွေးတွေကြားထဲမှာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ တစ်သင်းပြီး တစ်သင်း ထပ်ထွက်လာပြန်တာလဲ။အမျိုး၊ဘာသာ၊သာသနာကိုကာကွယ်စောင့်ရှောက်မယ်ဆိုပြီးလက်သီး   လက်မောင်း တန်းလာကြပြန်ပြီ။ရင်လေးတယ်လို့ မျှော်မြင်တွေးတောပြီး ရေးထားတဲ့ လွှတ်တော် အမတ်ကိုလည်းနည်းမျိုးစုံနဲ့ ရှုတ်ချ ပုတ်ခတ်စော်ကားထားတာတွေ့ရတယ်..........
မြို့နယ်တိုင်းမှာ ဖွဲ့မယ့် အသင်း တစ်သင်းကိုလည်း ငွေတစ်သိန်းမတည်ပေးထားပါသတဲ့. ....... ဘယ်ကလာတဲ့ ပိုက်ဆံနဲ့လဲ။ ဘယ်သူက စပွန်ဆာပေးထားတာလဲ။လက်ရှိ ၁၆ သင်းဖွဲ့ပြီး သွားပြီ ဆိုပဲ။ ဒါဆို ၁၆ သိန်းပေါ့။ အများယူဆနေသလိုဒီအဖွဲ့တွေနဲ့ သာသနာ့ နုဂ္ဂဟ အသင်းနဲ့ ဆက်စပ်မှုရှိနိုင်လား။ သာသနာ့ နုဂ္ဂဟ အသင်း ရဲ့ နာယကကြီး က ဇေကမ္ဘာ ဦးခင်ရွှေ။  နိုင်ငံခြားသား လာရင်တောင် မှ ရွှေစလွယ်နဲ့ အဖူးမြှော်ခံနေကြ တကယ့် ကျိကျိ တက်သူဌေးကြီး။

ဗီဒီယိုခေတ်ဦးတုန်းက မင်းသားကြီးဦးကျော်ဟိန်းကို သတိရမိတယ်။ ဦးကျော်ဟိန်းရဲ့
ဒိုင်ယာလော့ဂ်တွေ တစ်ခွန်းဆို တစ်ခွန်း ရုံထဲက ပရိတ်သတ်တွေ လက်ခုပ်တီးပြီးတော့ ကို အားပေး ခဲ့တာ။ လူကြိုက်သိပ်များတယ်။ လူကြိုက်များတဲ့ ဇာတ်ရုပ်၊လူကြိုက်များတဲ့ စကားလုံးတွေ နဲ့ လူကြိုက်အောင် လုပ်သွားတာ။

ခုလည်း အမျိုး၊ဘာသာသာသနာဆိုတဲ့ စကားလုံးလေးတွေက လူကြိုက်များ မှာသေချာ တယ်။ ဝံသာနုရက္ခိတဆိုကတည်းက လက်ခုပ်က တီးချင်နေပြီ။အညှာကို ကိုင်ထားမိပြီလေ။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာပြီးနောက် ကျယ်ပြန့်တဲ့ အတွေးအခေါ်တွေ ရှိတဲ့ လူငယ်အသိုင်းအဝိုင်းမှာအမြင်တွေကွဲပြားလာပြီ။ဒီတော့ပစ်မှတ်က ရွေ့သွားတယ်။ကျေးရွာတွေ ၊နယ်မြို့တွေမှာစလုပ်ကြတယ်။သာသနာ့နုဂ္ဂဟဆို ကျောင်းတွေမှာရှိတဲ့ကျောင်းသားလေးတွေကို အသင်းဝင်ခိုင်း တယ်။ ဟိုးယခင် ကြံ့ခိုင်ရေးအသင်းစဖွဲ့တုန်းကလိုပေါ့။ စာရွက်တွေ အတင်း ထိုးပေးပြီးဖောင်ဖြည့်ခိုင်းတယ်။ အခန်းထဲမှာ ကျောင်းသား၅၀ ရှိရင် အသင်းဝင် ၅၀ ဖြစ် ရမယ်ဆိုပြီး ကောက်လိုက်တာ သာသနာ့နုဂ္ဂဟဆိုတဲ့အသင်းထဲမှာ မယုံရင်လိုက် စစ် ကြည့်  ဘာသာခြားကလေးတွေတောင် နာမည်စာရင်းပါနေတယ်။ဘယ်နှယ့်က ဘယ်လို ဘာသာရေး က ပညာရေးဘက်ကို ညွှန်ကြားချက်တွေပေးနိုင်ရတာလဲဆိုတာတော့ မိုးဝေသော် လည်း မတွေးတတ်ဘူး။

အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေအဟောင်းအတိုင်းဆို EC တွေက နိုင်ငံရေးနဲ့ မပတ်သက် ရဘူး။ ဒီ သာသနာ့ နုဂ္ဂဟအသင်းရဲ့နာယကကြီးကဟော နိုင်ငံရေး သမားကြီးဖြစ်ပြီး လွှတ်တော်တောင် တက်နေတာ သိုင်းလောကစကားနဲ့ဆိုရင်တော့  မည်သို့ မည်ပုံလုပ်လိုက်သည်မသိပေါ့ဗျာ။

ခုလည်း ၂၀၁၅ မတိုင်ခင် အန္တရယ်ကြီးတဲ့ ကစားကွက်တစ်ခုနဲ့ ပွဲထွက်စပြုလာပြန်ပြီ။
၂၀၁၅ အတွက် ပြည်သူအားလုံးဦးတည်ချက်၊အာရုံတစ်ခုတည်းသာ ထားမယ်ဆိုရင်အာဏာရ ပါတီအတွက် (သို့) အကျိုးစီးပွားကာကွယ်လိုသူတွေအတွက် သိပ်ပြီးတော့လားရာကောင်း ဖို့မရှိ ဘူး။ ပြည်သူတို့ နှလုံးသား၊ပြည်သူတို့ အတွေးအခေါ်တွေ ရင့်ကျက်လာပြီး အခြေခံ ဥပဒေပြုပြင်ရေးနဲ့ ၂၀၁၅ ဒီမိုကရေစီ အရပ်သားအစိုးရစစ်စစ်ပေါ်ပေါက်လာရေးအတွက် လမ်းကြောင်း တစ်ခုထဲသာ အာရုံစိုက်ထားနေရင်သူတို့အတွက်ပွဲပြီးပြီ။ ဒီတော့ လမ်းလွှဲ၊ အာရုံလွှဲစရာ အကြောင်းတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသလိုတောင် ထင်ရတယ်။

လွှတ်တော်ထဲမှာ ပါတီဘယ်လိုကွဲကွဲ သရုပ်ခွဲကြည့်လိုက်ရင် နိုင်ငံရေးသမား (၂) မျိုးထဲသာ ရှိတယ်။ တစ်မျိုးက အကျိုးစီးပွားလိုလားမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးသမား(ဝါ) လွှတ်တော် အမတ်နဲ့ နောက်တစ်မျိုးကတော့ အကျိုးစီးပွား ပျက်သုန်းခံရပြီး နှစ်ရှည်လ များ စွန့်လွတ် အနစ်နာခံလာရတဲ့ နိုင်ငံရေးသမား ဒီ (၂) မျိုးထွက်လာတယ်။ဒီတော့ တိုင်းပြည်ကို ဘယ်သူ ပိုချစ်လဲဆိုတာ တွေး ကြည့်ကြပေတော့...........

Thursday, October 10, 2013

သန်းခြောက်ဆယ်သော လူ့အဖွဲ့အစည်းနှင့် အဖတ်ဆယ်ရမည့် ဂုဏ်သိက္ခာ


ဘာသာခြားတွေ အိမ်မငှားဘူးဆိုတဲ့ ရပ်ကွက်တစ်ခုမှာ ကျတော်နေပါသည်။ဘာသာခြားတွေ ကို အိမ်ပြောင်းခိုင်းနေတယ်ဆိုတဲ့ လမ်းလူကြီးအချို့လည်း ရှိပါသည်။အမျိုးသားရေး တံဆိပ် ကပ်ခံ လိုက်ရပြီးသည့်နောက် ကျတော်တို့ လူ့အဖွဲ့အစည်းသည်သန့်စင်မွန်မြတ်သည့် ဘာသာ တရား ၏ အဆုံးမအောက်မှ သွေဖယ်မှန်းမသိ သွေဖယ်ကုန်ကြပြီဖြစ်သည်။ သူတပါး၏ အသိုက် အမြုံလေးတစ်ခုကို အလွယ်တကူဖျက်စီးပစ်ဖို့ရာ လူမှုဘဝမပြောနဲ့ ခြတောင်ဘို့ တောင်မှ လက်တွန့် နေ တတ်ကြတဲ့ မြန်မာ့လူအဖွဲ့အစည်းသည် အမျိုးသားရေးတံဆိပ် ကပ်ခံလိုက် ရပြီးနောက် လျှင်မြန်စွာပင် ပြောင်း လဲသွားချေပြီ။ နိုးဆော်သံတွေ ၊ကြွေးကြော်သံတွေ၊ သံဗုံးတီး သံတွေနှင့် လွန်စွာပင်စည်းကားသိုက်မြှိုက်လွန်းလှသည်။စနစ်တစ်ခုမှ စနစ်အသစ်တစ်ခုသို့ အပြောင်းတွင်ဖြစ်လေ့ဖြစ်ထ ရှိတတ်သော်ငြားလည်း သွေးတိုးစမ်းသူတစ်စု၏ မြှားချက်တွေက
သန်းခြောက်ဆယ်သော လူထုတွင် စူးစိုက်မိလေပြီ။

မိုးစက်ဝိုင်းနှင့် ကျတော် မည်သို့မှ ပတ်သက်ခြင်းမရှိကြောင်း သိစေလိုပါသည်။ အခြေခံ ဥပဒေပြင် ဆင် ရန် (သို့) အသစ်ရေးဆွဲရန် လူထု၏ စိတ်ဝင်စားမှု များစွာလိုနေသော အချိန်တွင် မိုးစက်ဝိုင် တရုတ်လား နှစ်ရုတ်လားဆိုတာ ပိုစိတ်ဝင်စားနေကြသော Miss ဝါဒီများကို အံ့သြမိသည်။

လူမျိုးရေး၊ဘာသာရေးဖြင့် ခြံစည်းရိုးလုံအောင်ကာကြမည်ဟုလက်သီးလက်မောင်းတန်းပြီး
 ကြွေးကြော်နေချိန်တွင် ပိုက်လုံးရှည်ကြီးက ကန့်လန့်ကြီးခွဲသွားခဲ့တာလည်းခံခဲ့ရဖူးပြီ။ ယခုတဖန် အခြေခံဥပဒေနှင့် မိုးစက်ဝိုင်း ကျတော်တို့ လွန်ဆွဲရမည့် ကာလဖြစ်လာပြန် ပါပြီ။ အဖက်ဖက်မှာ ဝိုင်းရံနေသောအရာများအတွက်လွန်စွာသတိထားရမည့် အနေအထားလည်းဖြစ် သည်။ အခြေခံဥပဒေကိစ္စ အာရုံစူးစိုက်နေချိန်တွင်လည်း မြစ်ဆုံနှင့် လက်ပံတောင်းတောင် ကိစ္စ ကို လည်း မျက်ခြေပျက်လို့မဖြစ်ပေ။ ဘက်ပေါင်းစုံယိုယွင်းနေသော တိုက်အိုကြီးတစ်ခု လို ပြင်ဆင် မွမ်းမံစရာတွေများစွာလိုနေသော လူ့အဖွဲ့အစည်း အသိုက်အမြုံဖြစ်တဲ့ အမိနိုင်ငံ
အတွက် ကျတော်တို့ ခွန်အားများစွာလိုနေသည်။ သို့သော် မလိုအပ်သော နေရာများ တွင် ဖြုန်း တီး ပစ်ခဲ့လိုက်တာလည်း များပြီ။ သူများ ခြေတလှမ်းလှမ်းချိန်တွင် ကျတော်တို့ နိုင်ငံ နဲ့  နိုင်ငံသားတွေအနေဖြင့် ခြေလှမ်း ငါးဆယ်စာမျှလှမ်းရန်လည်း လိုအပ်နေလေပြီ။ သို့သော် ပဋိပက္ခတွေ အဆုံးသတ်နိုင်မှသာလျှင် တိုင်းပြည် တိုးတက်ငြိမ်းချမ်းရာ လမ်းကြောင်း ကို လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်းကို အားလုံးအသိပင်။

ဧည့်သည်၊အိမ်ရှင်တွေ ခဏမေ့ထားပါ။ နိုင်ငံသားဖြစ်၊မဖြစ်နဲ့ သက်ဆိုင်သော အရာဖြစ်သော
ကြောင့်   ဒါအစိုးရလုပ်လိမ့်မည်။ သူ့ဘက်က စလို့ ဆိုပြီးအကြောင်းပြချက်တွေ ကလည်း သိပ် အရေး မပါ ပါ။ သူ ဆဲလို့ ကိုယ် အိမ်မီးနဲ့ရှို့တယ်ဆိုတာ ရီစရာကောင်းတဲ့ အကြောင်းပြချက် တစ်ခုပါ။ အမှန်က ရှို့ ချင်လို့ကို ရှို့ ခြင်းသာ ဖြစ်နိုင်သည်။အကျိုးဆက်ကိုသာ ဆင်ခြင်နိုင်ကြဖို့ အရေးကြီးသည်။ မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးတိုင်း ဘာသာဘယ်လို
ကွဲကွဲ တိုင်းပြည်ချစ်စိတ်က အတူတူပင်။

နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌနိုင်ငံဖြစ်နေပြီ။ဒေသတွင်းအဆင့်မြင့် ဆုံးဖြစ်သည့် ဆီးဂိမ်းကျင်းပရာ နိုင်ငံလည်းဖြစ်နေပြီ။ကမ္ဘာအလည်မှာ မြန်မာနိုင်ငံ၏ ပုံရိပ် ကို ပြန်လည်အဖတ်ဆယ်နိုင်ရန်မှာသန်းခြောက်ဆယ်သော ပြည်သူလူထုနှင့် တိုက်ရိုက် သက် ဆိုင်နေ ပါသည်။သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ချင်လည်း ယောင်ကြပါ။သွေးထိုးလို့   ရတယ်ဆိုကတဲက သင်ဟာ တုံးလွန်းတဲ့ လူတစ်ယောက်ဖြစ်ကြောင်းကို တချိန်တချိန်မှာ ပြန် သတိချပ်နိုင်ပါစေ.........

မိုးဝေသော်

Monday, October 7, 2013

အိုဘားမားကဲ နှင့် ဗြဟ္မစိုရ်ယဉ်ကျေးမှု



အိုဘားမားက သူ့ပြည်သူတွေကို ကျန်းမားရေးစောင့်ရှောက်မှုဥပဒေတစ်ခုနဲ့ စပြီးမိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒါကတော့ ဝင်ငွေနည်းပါးပြီး ကျန်းမာရေးအာမခံမထားနိုင်ရှာတဲ့ အောက်ခြေပြည်သူများအတွက်
ကျန်းမာရေးစောင့်ရှောက်မှုဥပဒေတစ်ခုကို ၂၀၁၀ ပြည်နှစ်လောက်ကတဲက လက်မှတ်ထိုးပြဌာန်း ထားခဲ့တယ်။ ဥပဒေပါအချက်များအရဆိုရင် ဝင်ငွေနည်းပါးပြီး ကျန်းမာရေးအာမခံ မထားနိုင်တဲ့   ပြည်သူ(သန်း ၄၀) လောက်ကို အစိုးရက တစ်စိတ်တပိုင်းထောက်ပံ့ပေးအပ်သည့် ကျန်းမာရေး အာမခံကိုဝယ်ယူနိုင်ကာခွဲစိတ်ကုသခြင်းလိုမျိုးအကုန်အကျများနိုင်သည့် ကျန်းမာရေးပြသနာများ ကြုံလာရင်တောင်မှ ငွေကြေးအခက်ခဲကို အထိုက်လျောက်ခုသာခံသာ ရှိပြီး ပြည်သူတွေ အဆင်ပြေ သွားလိမ့်မယ်လို့ အိုဘားမားရော သူ့ ဒီမိုကရက်တစ်ပါတီကပါ ယုံကြည်နေကြတယ်။ ဒါကြောင့် ဒီဥပဒေကိုတောင် အိုဘားမားကဲလို့ နာမည်ပေးထားတယ်။ ထားပါ တိုတိုပြောရရင် ရီပတ်ဘလစ်ကန်တွေ က ဒီဥပဒေက ရှုပ်ထွေးမှုရှိတယ်ဆိုပြီး ကန့်ကွက်ကြတယ်။ အစိုးရဘတ်ဂျက်က ဒီဘဏ္ဍာရေးနှစ်မှစပြီးစိုက်ထုတ်ရတော့မယ်ဆိုတော့ လွှတ်တော်နှစ်ရပ်မှာ သဘောထားတွေကွဲပြီး ခုထိ အဖြေမထွက်လာသေးဘူး။အဲ့မှာမ အခြားဘတ်ဂျက်ကိစ္စတွေမှာပါ အတည်မဖြစ်အတည်မဖြစ်နဲ့ အစိုးရ အောက်တိုဘာ (၁)ရက်နေ့ကစပြီး အစိုးရဝန်ထမ်းတွေကို လစာမပေးနိုင်ဖြစ်လာကာ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမှုတွေဖြစ်လာတော့တယ်။

ကျွန်တော်ပြောချင်တာက    အမေရိကပြည်သူတွေနဲ့ အမေရိကန် လုပ်ငန်းရှင်တွေရဲ့ တုန့်ပြန်မှုပါ။
စားသောက် ဆိုင်အများစုက အစိုးရဝန်ထမ်းကဒ်ပြားပြနိုင်ခဲ့မယ်ဆိုရင် နေ့လည်စာ အခမဲ့ကျွေးမယ်
ဆိုပြီး ကူညီပေးတယ်။ မော်တော်ကားလုပ်ငန်းရှင်များကလည်း အရစ်ကျဝယ်ယူထားတဲ့ အစိုးရဝန်
ထမ်းများကို အကြွေးဆက်လက်တောင်းဆိုခြင်းမပြုပါဆိုပြီး ကြေငြာပေးတယ်။ ဘယ်သူမှ အတင်း
အကြပ်ဖိအားပေးစေခိုင်းခြင်း  မရှိပဲ ဗြဟ္မစိုရ်တရားသက်သက်နဲ့ ကူညီဖြေရှင်းပေးကြတာပါ။
နိုင်ငံရဲ့ အကြပ်အတည်းကို နိုင်ငံသားတစ်ဦးခြင်းစီက တတ်နိုင်သမျှ နည်းလမ်းများနဲ့ ဖြေရှင်းကြ
ရာမှာ ကိုယ့်နိုင်ငံနဲ့ ချိန်ထိုးစဉ်းစားမိလာတယ်။ ကိုယ့်စီမှာကော ဒါမျိုးအဖြစ်အပျက်ကြုံလာခဲ့
ရင် ဒီလို ဗြဟ္မစိုရ်တရားထားနိုင်ပါဦးမလား။အစိုးရဝန်ထမ်းဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စ
တွေနဲ့ ယှဉ်တွဲမြင်နေသေးတဲ့ အတွက် ကြည်ဖြူနိုင်ပါ့မလား။ အချောင်ရလို့ဖြစ်စေ၊ အမှန်တကယ်
မရှိနွမ်းပါးရှာလို့ဖြစ်စေ အလှူခံတောင်းရမ်းစားသောက်နေရရှာတဲ့ သက်ကြီးပိုင်းများ၊ သားသည်အမေများကိုတောင်မှ ကန်တော့ပါသေးရဲ့လို့ လွယ်လွယ် ပြောထွက်နေတဲ့ ခေတ်ကြီးမှာ ဒါမျိုး ကိုယ်ချင်းစာတရားကရော ဘယ်လောက်ဖွံ့ဖြိုးနိုင်မလဲ။ ကိုယ့်ဘို့ တစ်ဘို့တည်းသာကြည့်ပြီး တိုင်းပြည်အတွက် မလွဲမသွေ ပေးအပ်ရမယ့် အခွန်တောင်မှ အပျောက်ရိုက်၊ ပေါင်းရိုက် နေတဲ့ ခရိုနီခေတ်သူဌေးတွေမှာလဲ ဒီမျိုးကြုံလာရင် ဒီလိုမျိုး စိတ်ထားနိုင်မယ့် ဗြဟ္မစိုရ် တရား   ရွေးစေ့လောက်တောင်မှ ရှိပါ့မလား။

ကမ္ဘာမှာ ဗြဟ္မစိုရ်တရားအထွန်းကားဆုံးနိုင်ငံလို့ တစ်ခေတ်တစ်ခါက ဂုဏ်ယူဝံ့ကြွားခဲ့လာလေသမျှ
ခုခေတ်၊ခုစနစ်မှာ မှေးမှိန်ပျောက်ကွယ်သွားလေပြီလား။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က
အတွေးအမြင်နဲ့ လူငယ်တွေအတွက်ပဲ အရေးများတဲ့ စာရေးဆရာကိုတာရေးသားသော အခြား
တဖက်မှ ဆင်ခြင်ရန်အကြောင်းများဆိုတဲ့ စာအုပ်ထဲက အဖြစ်အပျက်လေးကို ခုထိမှတ်မိနေခဲ့
တယ်။ပရပိာတစာသင်နည်းတဲ့ ......

အမေရိကန် မက်ဆာချူးဆက်က K-8 ကျောင်းလေးတစ်ကျောင်းမှာ အများအကျိုးဆောင် ပရိုဂျက်
(CommunityServiceProject)တစ်ခုရှိသတဲ့။ဆောင်းဦးပေါက်မှာငါးတန်းနဲ့ခြောက်တန်းကလေးတွေ
က သိုးမွေးဦးထုပ်လေးတွေလုပ်ပြီးအနွေးထည်လိုနေတဲ့ရပ်ကွက်ထဲက ကလေးတွေကိုဝေတဲ့ ပရိုဂျက်ပေါ့၊ပရိုဂျက်ကအလွန်အောင်မြင်ပါတယ်။ကျောင်းသားလေးတွေနည်းနည်းစက်ချုပ်တတ်သွားတယ်။ပိုအရေးကြီးတာကတခြားကလေးတွေမှာလိုအပ်နေတာကိုထိထိရောက်ရောက်နဲ့လက်တွေ့လုပ်ပေးလိုက်ရတာပါ။စာနယ်ဇင်းတွေကလည်း ကျောင်းသားတွေရဲ့အလှူကိုရေးကြတယ်။ဒါပေမယ့် ပရိုဂျက်အပြီး ဆရာတစ်ယောက်နဲ့ဆွေးနွေးတဲ့အခါမှာ တစ်ခုခုချော်နေသေးသတဲ့ ။ကျောင်းသား တချို့ကတကယ့်အသိလေးကို "မရ"လိုက်ကြဘူး။ဆရာတွေခိုင်းလို့သာလုပ်လိုက်သာ သူတို့ကိုယ်တိုင် က လိုအပ်နေတာလေးတစ်ခုကိုကူညီရတာလို့မခံစားရဘူး၊ဒီပရိုဂျက်နောက်ကွယ်က "အကြောင်း" ကိုနားမလည်ကြသေးဘူးတဲ့။ နယူးအင်္ဂလန်ဆောင်းဥတုအတွက် အနွေးထည်မတတ်နိုင်တဲ့ မိသားစုတွေရှိပါလားလို့သိစေမြင်စေချင်တာကိုကျောင်းသားတချို့မသိလိုက်ဘူး။ပြီးတော့ ဒီပရိုဂျက် ကလည်း သူတို့ကျောင်းသင်ခန်းစာနဲ့လည်းဘာမှမပတ်သက်ဘူး။

တကယ်တော့ပရပိာတအလုပ်နဲ့ ပရပိာတစာသင်နည်းကအဲနေရာမှာကွာတာပါ။ပရပိာတ စာသင်နည်း က ပရပိာတအလုပ်နဲ့ ကျောင်းသင်တန်းပေါင်းစပ်ပေးရမှာပါ။ကျောင်းသားတွေ ကိုတက်တက်ကြွကြွ သင်ယူနေသူတွေဖြစ်လာစေလျက်တစ်ပြိုင်နက်မှာပြည်သူ့နီတိကိုလည်းသင်ကြားပေးတာ ကို ပရပိာတစာသင်နည်းလို့ခေါ်ပါတယ်။ဒီနည်းမှာ "အများအကျိုးဆောင်ခြင်းနဲ့ သင်ယူခြင်း" ရည်ရွယ် ချက် နှစ်မျိုးရှိပါတယ်။အဲ ရည်ရွယ်ချက်နှစ်မျိုးပေါက်မြောက်ရဲ့လားလို့ကြည့်ရမှာပါ။

ဒီလိုသင်နည်းပာာ အရင်ကလည်းရှိပါတယ်။သို့သော် တစ်နေရာစီပြန့်နေလို့ပါ။ယခုတော့ ၁၉၉၀ ခုနှစ်ကတည်းက အမေရိကန်မှာဖယ်ဒရယ်အစိုးရကကော်မရှင်တစ်ခုဖွဲ့ပါတယ်။ အမျိုးသား အကျိုးဆောင်ကော်ပိုရေးရှင်း(Corporation for National Service) ဖွဲ့ပြီးပရပိာတစာသင်နည်းက ပရိုဂျက်တွေကိုအထောက်အပံ့ပေးပါတယ်။၂၀၀၁ မှာပြည်နယ် ၆ ခု၊နောက်ထပ်ပြီးတော့ ပြည်နယ် ၇ ခုကကျောင်းတွေမှာ စာမေးပွဲအောင်ဖို့ လိုအပ်ချက်တစ်ခုအနေနဲ့ အကျိုးဆောင်စာသင်နည်း ကိုထည့်ပါတယ်။ ကဲလော့ဖောင်ဒေးရှင်းလို ပြင်ပအဖွဲ့အစည်းတွေကလည်း ရန်ပုံငွေထည့်ဝင်ကြ
ပါတယ်။အစိုးရကျောင်းတွေရဲ့ ၃၂ ရာနုန်းကပရပိာတစာသင်နည်းကို လုပ်ဆောင်နေကြ တယ်လို့ ဆိုပါတယ်။ဒီနည်းမှာ ကျောင်းသားတွေပာာအလုပ်လုပ်ရတယ်။ရပ်ကွက်ကစားကွင်းကိုသန့်ရှင်းရေးလုပ်နေတာဖြစ်စေ၊ဘုန်းတော်ကြီးတွေစောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးစာသင်ကျောင်းမှာစာသွားပြသည်ဖြစ်စေ ကိုယ် ကိုယ်တိုင်ပါဝင်လုပ်ကိုင်တာကိုတောင်းဆိုတဲ့နည်းဖြစ်ပါတယ်။မလှုပ်မယှက်ခံစားရုံ သက်သက် စာသင်သား(Passive Learners) တွေမပာုတ်တော့ဘဲ၊ပြင်ပကမ္ဘာကြီး ရဲ့ပြဿနာတွေ ကိုတွေ့ကြုံဖြေရှင်းတဲ့အတွေ့အကြုံယူသူတွေဖြစ်သွားတာပေါ့။ကလေးတွေ ကို သစ်ပင်လေးတွေ စိုက်ခိုင်းတဲ့ ပရိုဂျက်ဆိုပါစို့။မျိုးစေ့ အကြောင်း၊မြေသြဇာအကြောင်း၊မြေ၊ ရေ ၊နေ အကြောင်းစာအုပ်တွေ ဖတ်ရမယ်ရေလောင်း၊ပေါင်းသင်ရမယ်။သိပ္ပံအကြောင်းနဲ့ ဘောဂဗေဒကိုမိတ်ဆက်ပေးလို့ရတယ်။ရေရှည်လုပ်ရတာ စိတ်ရှည်ရတာကသိလာဖို့များတယ်။ကျောင်းသားတွေအနေနဲ့သူတို့ပာာလူ့အသိုင်းအဝန်းရဲ့အစိတ်အပိုင်းတစ်ခုပဲလို့သိလာတယ်။ကျောင်းသားတွေက"လူအသိုင်းအဝန်း (community)ဆိုတာ ဘာလဲ"ကိုသဘောပေါက်လာတယ်။ကျောင်းသားတွေရဲ့လူ့အသိုက်အဝန်းက ၂ မျိုးရှိလာတယ်။တစ်ခုကကျောင်းစာသင်ခန်း၊နောက်တစ်ခုကသူတို့အကျိုးဆောင်ပေးတဲ့ရပ်ကွက်။ဆရာတွေ၊ကျောင်းသားတွေအချင်းချင်း၊ရပ်ကွက်နေပြည်သူတွေနဲ့ အတူတူလုပ်ရင်းကအစုအသင်းစိတ်ဓါတ်ရှိ လာတာပေါ့။

မည်သည့်ပညာရေးရာဆောင်ရွက်သူမဆို"ကလေးတွေပာာလည်းအကောင်းအမွန်တွေလုပ်ချင်တဲ့ ဆန္ဒရှိကြတယ်။အခွင့်အလမ်းတွေရှိရင်လုပ်ကြမှာပဲ"လို့သဘောတူညီကြတယ်။ အကျိုးဆောင် စာသင် နည်းတွေပာာအဲဒီအခွင့်အလမ်းကိုပေးအပ်ပါတယ်။ကလေးသူငယ်တွေမှာလူမှုရေးစိတ်ဓါတ် ထွန်းကားအောင်လုပ်ပေးတာ။လှုမှုကျင့်ဝတ်(Socialrespons-ibility)ကိုပျိုးထောင်ပေးတာပါ။ အိုင်အိုဝါ၊ စင်စီနတီမြို့မှာ ပထမတန်းကလေးတွေပာာ အယ်လ်ဇိုင်းမားရောဂါယူနစ်ကို သွားပြီးလည်ကြ တယ်။ ကလေးတွေသာမက မိဘတွေပါ (ပရိုဂျက်ပြီးသော်လည်း)ရောဂါသည် လူအိုကြီးတွေ ထံအလည်အပတ်ဆက်လုပ်ကြသတဲ့။ မက်ဆာချူးဆက်၊ပာဒ်ဆန်မြို့ကလေးတန်းကျောင်းသားတွေ ပာာအနားကစိမ့်မြေတောကလေးကို ထိန်းသိမ်းဖို့ လေ့လာကြသတဲ့။တချို့ကလေးတွေပာာ    ပတ်ဝန်း ကျင် ထိန်းသိမ်းရေးမှာစိတ်ဝင်စားတဲ့ကလေးတွေဖြစ်သွားတယ်။ပာာဝိုင်ယီမှာတော့ ကျွန်းပေါ်က မီးတောင်တွေ ကိုလေ့လာ ကြတယ်။တစ်ကယ်တော့ မီးတောင်ဖြစ်စေ၊စိမ့်အိုင်ဖြစ်စေ အတူတူပါပဲ။
လူငယ်တွေကိုစိတ်ဝင်စားစရာတစ်ခုခု နိုးဆွတဲ့အကျိုးသက်ရောက်မှု ရှိမှာပေါ့။

ဒီစာအုပ်လေးထဲမှာ ပါတဲ့ ကလေးတွေက ခု လူကြီးတွေဖြစ်လာကြပါပြီ။ သူ့နိုင်ငံ သူ့အစိုးရအကြပ်တည်းဖြစ်နေ ကြချိန်မှာ ခုဆို နိုင်ရာတာဝန်ကို ဗြဟ္မစိုရ်စိတ်ထား အပြည့်နဲ့ ဝင်ရောက်ကူညီနေကြပါပြီ။ နည်းနည်းနောနော ရက်ရောမှုမျိုးမဟုတ် တဲ့  နေ့လည်စာ အခမဲ့ကျွေးမယ့်အစီစဉ်မှာဝန်ထမ်းကဒ်အတုနဲ့ ဝင်စားမယ့် လူတွေမရှိလောက်ဘူးလို့ ကို ပြည်သူ အချင်းချင်း ယုံကြည်မှုရှိကြပါတယ်။ အချောင်သမားစိတ်ဓါတ်တွေကလည်း သူတို့ နိုင်ငံမှာ မရှိသလောက် ရှားနေပုံပါပဲ။

အားကျအတုယူစရာ နိုင်ငံကြီးသားစိတ်ဓါတ်နဲ့ ဗြဟ္မစိုရ်နှလုံးသားစိတ်ထားလေးတွေရဲ့အခြေခံ ရေသောက်မြစ်ကတော့ စာသင်ကျောင်းပါပဲ။ကလေးဘဝ မှာ ရိုက်သွင်းခံရတဲ့ အသိမဟုတ်ပဲ၊ နှလုံးသားနဲ့ ခံစားရတဲ့ အသိတွေ ကြီးထွားရှင်သန်လာမှုကြောင့် ကိုယ်ချင်းစာတရားတွေ အပြည့်ရှိတဲ့ လူ့အသိုင်းဝိုင်း ကို   ဖော်ဆောင်နိုင်ခဲ့ခြင်း လည်းဖြစ်ပါတယ်။ဒါကြောင့် အရေးကြီးဆုံးဆိုတဲ့ တိုင်ပြည်တစ်ခုအတွက် ပညာရေးက မိမိကိုယ်တင်မက တိုင်းပြည်နဲ့ လူမှုဝန်းကျင်တစ်ခုလုံးကို အကျိုးသက်ရောက် မှုရှိ တယ်ဆိုတာ သတိပြုသင့်နေကြပါပြီ။ပျက်ပြားနေပြီဖြစ်တဲ့ မြန်မာ့စိတ်ဓါတ်ကို ကလေးငယ်လေးတွေ ကနေမှစတင်ပြီး ပြန်လည်ဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းနိုးဆော်ရင်း အိုဘားမား
ကဲ နှင့် ဗြဟ္မစိုရ်နှလုံးသား ကို ယှဉ်တွဲ တွေးခေါ်နိုင်ရန် ဖော်ပြလိုက်ရပါကြောင်း..............

မိုးဝေသော်