Sunday, December 8, 2013

မေ



မေ သည် ကျတော့်ဆိုင်ရှိရာသို့ မနက်တိုင်း မပျက်မကွက် ထမင်းချိုင့်လာပို့ပါသည်။ယခင် ဆိုင်မဖွင့်ခင်ကာလများတွင်လည်း (၇) လမ်း တိုင် ကွာခြားထားသော ကျတော့်အိမ်ရှိရာထိတိုင် ထမင်းချိုင့်လာပို့ပေးလေ့ရှိသည်။မေ သည် ကျတော့်ကို အလွန်ချစ်သည်။ ကျတော်သည် လည်း မေ့ ကို ချစ်သည်။ မေ သည် ညိုသော အသားအရေကို ပိုင်ဆိုင်ထားသည်။ ဆံဖြူများကို ယခင်က ဆေးဆိုးဖုံးကွယ်ထားသော်လည်း ယခုသော် ဆေးဆိုးသည့်ဟန်မရှိ။ ဆေးဆိုးဖို့ အလုပ်မအားတာလည်း ဖြစ်နိုင်သည်။ ကျတော်သည် မေ နှင့် ပတ်သက်၍ မသိတာ အတော်များနေပေပြီ။ မေ့ မွေးနေ့ကို ကျတော်မသိပါ။ မေ့ အသက်ကို ကျတော်မသိပါ။ ယုတ်စွအဆုံး မေ ပင်စင်ယူခါနီးထိတိုင် ကျတော်မသိခဲ့ပါ။ မေ ၏ လက်ဖမိုးတွင် အကြောတွေ ပြိုင်းပြိုင်းထ နေသည်။ မေ ၏ လက်မောင်းသားများသည်လည်း ပျော့ အိ တွဲ ကျနေသည်။ ဒီ လက်မောင်းသားများတွင် အိပ်စက်ခဲ့ဖူးစဉ်က တလောကလုံးတွင် အလုံခြုံ ဆုံးနေရာလေး ဖြစ်ခဲ့ဖူးသည်မှာ ယခုထက်တိုင်ပင်။ မေ့ ရင်ခွင်ထဲ ခေါင်းဝင်တိုးပြီး မေ့ ချွေးနံကို ရှုရှိုက်ရသည်ကို ငယ်စဉ်က ကျတော်နှစ်သက်ခဲ့သည်။ မေ့ ကို ဖက်ပြီး လက်မောင်း သားပေါ် တွင် ပြန်လည်အိပ်စက်ကြည့်ချင်သည်။

မေ သည် ကျတော့်ကို ကောင်လေး ဟုအများအားဖြင့် ခေါ်လေ့ရှိသည်။ ကျတော် အကြိုက်ဆုံးနာမ်စားလေးလည်းဖြစ်သည်။မေ သည် လိုင်းကားဖြင့် တစ်နာရီကျော်ကြာအောင် ကွာဝေးသော ခရီးသို့ နေ့စဉ်အသွားအပြန်လုပ်ပြီးကျောင်းတက်ရပါသည်။ မေ သည် အလုပ်ကို တန်ဖိုးထားလေးစားသောသူဖြစ်သည့်အတွက်မိုးရွာ၊နေပူ၊ချမ်းအေးနေသည့်တိုင် ကျောင်းတက်
ပျက်ကွက်ခဲ့သည်မရှိပေ။ ဇရာ နှင့် ဝေဒနာ ကိုတော့ မေသည် ရှောင်လွှဲလို့မရပေ။ သို့သော် ကျတော် မသိခဲ့ပေ။ ကျတော်သည် မေ နှင့် ပတ်သက်၍ မသိတာ အတော်များသည်။ မေ နေမှ ကောင်းရဲ့လား ဆိုတာ ကျတော်မသိပေ။

မေ သည် ကျတော် ဘာကြိုက်တတ်သည်ဆိုတာ သိ သည်။ ကျတော် ဂျီးများသည် ဆိုတာ ကိုလည်း သိသည်။ ကျတော်စိတ်ထဲ ဘာဖြစ်နေသည်ဆိုတာကိုလည်း သိသည်။ ကျတော် ရွှင်လန်း တက်ကြွနေလျှင် မေ သည် ပြုံးနေလေ့ရှိသည်။ ကျတော် လုပ်ရပ်အများစုကိုလည်း နားလည်စွာဖြင့် ဂုဏ်ယူအားပေးလေ့ရှိသည်။ မေ သည် ကျတော့်စိတ် အတင်အကျ ကို ဖတ်နိုင်သော တန်ခိုးရှင်တစ်ဦးလည်း ဖြစ်နိုင်သည်။ သက်လက်ပိုင်းအရွယ်ရောက်သည့်တိုင်
မေ သည် ကျတော့်အား ကလေးတစ်ယောက်လို မြင်နေတုန်း၊ စိုးရိမ်နေတုန်းပင်။ ကျတော်ကတော့ မေ နှင့် ပတ်သက်ပြီး သိပ်မသိပေ။

မေ ၏ ငယ်ဘဝ ခက်ခဲကြမ်းတမ်းခဲ့သည်ကို မေ တစ်ခါပြောပြ၍ အနည်းငယ်မျှ ကြားသိခဲ့ရဖူး သည်။ လယ်သမားမျိုးရိုးဖြစ်ပြီး မိသားစုတွင် အကြီးဆုံးသမီးဖြစ် ခဲ့ခြင်းကြောင့် မောင်နှမ များပေါ်တွင် အနစ်နာခံခဲ့ရဖူးသည်။အသက် (၇) နှစ်တိုင် ကျောင်းတက်ခဲ့ရခြင်းမရှိပေ။ ပညာလိုလားသော မိဘများမှ မဖြစ်ဖြစ်အောင်ကျောင်းထားပေးမှုကြောင့် အသက်လွန် မှ ကျောင်းတက်ခဲ့ရသော်လည်း ယခင်ပညာရေးစနစ်အရ အရည်အချင်းမှီလျှင်အတန်းကျော် တက်ခွင့်ရခဲ့သော်ကြောင့်သာ အများနှင့် အတန်းတူဖြစ်ခဲ့ရသည်။ မနက်ကျောင်းမသွားမီ အရပ်ထဲလည်ပြီး ခြံထွက်၊လယ်ထွက် သားငါး၊အသီးအနှံလေးများရောင်းချပြီးမှသာ စာသင်ခန်းရှိရာသို့ အပြေးအလွှားကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသူဘဝ အရွယ်ရောက်သည့်အတိုင် အဖြူအစိမ်းတစ်ထည်ထဲဖြင့် မေ ကျောင်းတက်ခဲ့ရသည်။ မိုးမိလို့ ရွှဲစိုလာလျှင် ကျောင်းဝတ်စုံလေးအား လျှော်ဖွတ်ပြီး ဖွဲမီးဖိုတွင် ကင်ကာ ခြောက်အောင်ပြုလုပ် ရသည်အထိ နွမ်းပါးစွာဖြင့် ဘွဲ့တစ်ခုရရှိအောင် ကြိုးစားခဲ့ရသည်။ မေ သည် ကျတော့် အတွက် စံပြပုဂ္ဂိုလ်တစ်ဦးပင်။

မေ သည် အတန်ငယ် ဝ ဖိုင်းလာသည်။ မေ သည် အတန်ငယ် လေးဖင့်လာသည်။ မေ သည် တခါတရံ ချောင်းဆိုးလာသည်။ မေ သည် တစ်ခါတရံ မူးဝေ နေတတ်သည်။ မေ သည် တစ်ခါတရံ မောနေတတ်သည်။မေ သည် နှလုံးအားတိုးဆေး သောက်နေရသည်ကိုလည်း ကျတော်မသိခဲ့ပါ။ မေသည် ပန်းနာရင်ကျပ်ဆေးသောက်နေရသည်ကိုလည်း ကျတော်မသိ ခဲ့ပါ။ မေ သည် အိမ်မှုကိစ္စအဝဝကြောင့် ညောင်းကိုက်နေသောခြေသလုံး၊ပေါင် တို့ အနင်းအနှိပ်ခံချင်နေသည်ကိုလည်း ကျတော်မသိခဲ့ပါ။ မေ ၏ လက်သည် အမြဲပင် ပရုပ်နံလေး ရနေတတ်သည်။ ဒဏ်ကြေဆေးမကြာခဏ လူးနေရဟန်ရှိသည်။ ဒါကိုလည်း မေ့ နားမကပ်တာ
ကြာပြီဖြစ်တဲ့ ကျတော် မသိခဲ့ပါ။ မေ နှင့် ပတ်သက်ပြီး ကျတော်မသိတာတွေ များလှပြီ။

မနက် ဆိုင်ခင်းရန် ပစ္စည်းထုတ်နေသော ကျတော့်အား မေ ကြည့်ပြီးသက်ပြင်းချနေသည်။ အလုပ် ချိန်မှီရန် အပြေးအလွှားလုပ်နေသော ကျတော့်အား စိတ်မောနေဟန်ရှိသည်။ ကျတော် မနက်စာ ထမင်းချိုင့်လေးအားခုံပေါ်တွင် အသာချပြီး စိတ်မချသေးဟန်ဖြင့် မေ ထွက်မသွားသေးပေ။ ပစ္စည်းများ ကို အပြင်ထုတ်ပိုးပြီး ရုံးဝတ်ရန် အကျီ င်္ဖြူ နှင့် ပုဆိုးအား မီးပူတိုက်ဖို့ ကျတော်ပြင်သည်။ မေ သည် ကျတော်မထင်မှတ်သည့် စကား တစ်ခွန်းပြောလာ သည်။ သား အကျီ င်္တွေကို အိမ်မှာလာချွတ်ထားပါလား။အမေ လျှော်ပေးမယ်လေ တဲ့။ မေ့ မျက်ဝန်းတွေ ရီဝေပြီး အရည်ကြည်လေးတွေ လဲ့ နေသည်။ ကျတော် မေ့ ကို မျက်လုံးချင်း ဆုံအောင်ကြည့်ဖို့ အားမရှိပါ။ မကြည့်ရဲပါ။ မေ သည် ကျတော့်အား သနားနေတာလား၊ ကျတော့်အား ပြစ်တင်နေသည်လား။ ကျတော်မသိပါ။ သို့သော် မေ့ မျက်ဝန်းတွေကို ကြည့်မိလျှင် ကျတော်ငိုမိတော့မည်။ သား အကျီ င်္လေးတွေတစ်ထည် နှစ်ထည်လောက် က အမေအဝတ်လျှော်ရင် ထည့်လျှော်ပေးလို့ရတယ်လေ။ အိမ်ကို လာပို့ထား...... တဲ့လား မေရယ်။ ကျတော် မေ့ကို ပြေးဖက်ချင်စိတ်တွေ တားမရတော့ချေ။ မေ့ ရင်ခွင်ထဲ တိုးဝင်ခါ ငိုချ
လိုက်ချင်သည်။ ငယ်စဉ်ကလို နံ့သာ လိမ်းခြယ်မထားသော မေ့ ပါးပြင်လေးအား ဝအောင် နမ်းလိုက်ချင်သည်။ မေ့ကို  ဦးချကန့်တော့လိုက်ချင်သည်။ မေ့ ကို တမေ့တမော ဖတ်ထားလိုက်ချင်သည်။ မေ့ လက်မောင်သားပေါ်တွင် တလောကလုံး ကို မေ့သွားအောင် အိပ်စက်လိုက်ချင်သည်။ ကျတော် အံကြိတ်ကာ မျက်ရည်တွေကို ထိန်းနေရသည်။ မေ့ အပေါ် လစ်ဟင်းခဲ့ရသမျှတွေအတွက် တောင်းပန်ပါတယ် မေ ရယ်။ ရင်ထဲမှ တိုးဖွစွာ
စွာ မေ့ ပါးလေးကို ကျတော်နမ်းလိုက်မိသည်။ မေ မျက်ရည်ဝဲနေသည်လား မသိ။

မေ့ ကို ကျတော် ချစ်သည်။ ကျတော် ချစ်သည်ထက် မေ သည် အဆပေါင်းများစွာ ပိုမို၍ ကျတော်အားချစ်နေသည်ဆိုတာ ကျတော်မသိခဲ့ပါ။ ကျတော်သည် မေ နှင့် ပတ်သက်ပြီး မသိခဲ့တာတွေ လွန်စွာ များပြားလို့ နေခဲ့ပေပြီ။


မိုးဝေသော်

Friday, October 25, 2013

ပင်စင်စားတွေရဲ့ နိုင်ငံရေးလက်ဖက်ရည်ဝိုင်း


၂၀၁၅ မြန်မာ့ ဒီမိုကရေစီ ခရီးကြမ်းကြီးကို လက်ဖက်ရည်ဆိုင်စကားဝိုင်းမှာ ဆွေးနွေးမိတယ်။
ပထမအင်အားစု အဖြစ် လက်ရှိအာဏာရပါတီကိုလည်း ထည့်တွက်ထားရမယ်။ ဒုတိယ အင်အားစုကတော့ ထွေထူးပြီး ပြောနေစရာမရှိဘူး။ အမေစုရဲ့   NLD ပေါ့။ တတိယအင်အားစု မှာတော့ အမြင်တွေ ကွဲပြားသွားကြတယ်။ ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် တို့ အဖွဲ့ ပါတီ အဖြစ်ပြောင်းလဲလာခဲ့ရင်ကော တတိယအင်အားစုအဖြစ်ရပ်တည်နိုင်မလား။ ဒါမှမဟုတ် တတိယ အင်အားစုအသစ်ကော ထွက်ပေါ်လာနိုင်စရာအကြောင်းရှိနိုင်မလား။

လတ်တလောသတင်းတွေအရ ဦးသိန်းစိန် ထပ်မပြိုင်တော့ဘူးဆိုပြီး ဦးရွှေမန်းကတော့
အတည်ပြု ထားတယ်။ ဦးဌေးဦးကလည်း သမ္မတအဖြစ်အရွေးချယ်ခံမယ်လို့ လေသံပစ်
ထားပြန်ရော.....ဦးရွှေမန်းရဲ့  လတ်တလောဆောင်ရွက်ချက်တွေနဲ့ ပုဒ်မ (၅၉) ခ အပေါ်
သဘောထားတွေကြောင့် လက်ရှိ လူကြိုက်များနေတယ်။ ဒါပေမယ့် သူအခြေခံမယ့်
ပါတီကတော့ သိတဲ့ အတိုင်း။ ဒီတော့ ဘက်ပြောင်းနိုင်ခြေရှိမလား။ ဒါလည်း တွေးစရာ
ဖြစ်ကြောင်း အားလုံးက လက်သင့်ခံကြတယ်။ မထင်မှတ်ပဲ ငုတ်ကောင် တစ်ကောင်
ထပ်ပေါ်လာလို့ သိပ်တော့ မအံ့သြပါဘူး။ ငုတ်ကောင်ကတော့ တချိန်က မင်းသားကြီး
လေ။ ဘဘဦးဝင်တင်နဲ့ နာရေးတစ်ခုမှာ တွေ့ပြီး နုတ်ဆက်တဲ့ သတင်းတွေပလူပျံလာတယ်။
ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ်ဆိုတာကောပေါ့။

တတိယအင်အားစုအဖြစ် မှန်းဆနိုင်စရာတွေက များလာတယ်။ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့် ပတ်သက် မှုကိုလည်း ဆက်တွေးကြည့်မိတယ်။ ဦးရွှေမန်းဆိုတာ ဦးခင်ရွှေနဲ့က ခမည်းခမက်။
ဦးခင်ရွှေဆိုတာဦးခင်ညွှန့်ရဲ့လက်ရှိလူမှုရေးလုပ်ငန်းတွေအတွက် အဓိက ထောက်ပံ့ နေသူ။ ရွှေ၊ ခင်၊ ညွှန့် (၃) ယောက်တွဲကစားကွက်က တတိယအင်အားစုဖြစ်နိုင်မလား။

ဒီနေရာမှာ ပြည်သူလူထုကိုမယုံလို့မဟုတ်ကြောင်းစကားဦးသန်းထားချင်တာက၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အစိုးရဖွဲ့နိုင်လောက်တဲ့ ကိုယ်စလှယ်အရေအတွက် မရဘူးဆိုပါစို့။ တိုင်းရင်းသားပြည် နယ်တွေမှာ တိုင်းရင်းသားတွေပဲ ရနိုင်မယ်။ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ NLD မဟုတ်ကြံ့ခိုင်ရေး မဟုတ်ရင် ဘယ်ပါတီကို မဲပေးမလဲ။လက်ရှိအားကောင်းနေတဲ့ လှုပ်ရှားမှု၊ ပြည်သူတွေကို
အကြောက်တရားတွေ ရင်ထဲထည့်စေပြီး မျိုးချစ်စိတ်တွေ နင်းကန်တည်ဆောက်နေတဲ့ အင်အား စုတွေက နိုင်ငံအနှံ့အပြားမှာ အားကောင်းလာတယ်။သူတို့သာ ပါတီဖြစ်လာ ခဲ့ရင် ပြည်သူ့ မဲတွေ က သူတို့ဆီကိုအမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေးခေါင်း စဉ်အောက် ကနေ အလွယ်တကူရောက်သွားနိုင်မယ်။သူတို့က ဘယ်သူတွေဖြစ်မလဲဆိုတာတော့စိတ်ဝင်စား စရာပါ။ သေချာတာက မင်းသားမပါပဲနဲ့ တော့ ရုပ်ရှင်မရိုက်ဘူး။ လက်ရှိ နာမည်ရ မင်းသားတော့ ပါမှကို ဖြစ်တော့မှာပေါ့..........

စိတ်ဝင်စားစရာ မြန်မာ့အရေး နဲ့ ငုတ်ကောင် ဘယ်သူဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ စကား လက်စသတ်လိုက်ကြတယ်။လက်ဖက်ရည်ဆိုင် စကားဝိုင်းလေးကတော့ ထုံးစံအတိုင်း အတွေးတွေ ဗရဗွနဲ့။ ပင်စင်စားတွေရဲ့  ညနေခင်းဟာ သတင်းစာတစ်စောင် ၊ ကျဆိမ့် ရိုးရိုးတစ်ခွက်နဲ့ ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်ကို ထိုင်ကြည့်နေရသလိုမျိုး.ရသမျိုးစုံတဲ့နိုင်ငံရေး မှာ အာတွေတောင် အတော်ခြောက်သွားပုံများ...
                          " ညီလေးရေ...... ရေနွေးတစ်အိုးကွာ...." တဲ့.........

မိုးဝေသော်

အမေစု နှင့် BBC



BBC နဲ့ အင်တာဗျူးမှာ အမေစု ပြောသွားတာ ရှင်းရှင်းလေး။ " ဗုဒ္စဘာသာအသိုင်းအဝိုင်းနဲ့
မွတ်စလင်အသိုင်းအဝိုင်းကြားမှာ တစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့မှုတွေကနေ အသိုင်းအဝိုင်း
နှစ်ခုကြား တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ" ...... နိုင်ငံတကာက သိထားတာ လူနည်းစု
မွတ်စလင်တွေက လူများစု ဗုဒ္စဘာသာဝင်တွေကို ကြောက်ရွံ့နေရတယ်ဆိုပြီးသိထားတာ။
ဒီလိုအမြင်မျိုးဖြစ်အောင်လည်း ပြည်ပမီဒီယာတွေ နဲ့ အခြားအခြားသော အသိုင်းအဝိုင်းတွေ
လူ့အခွင်းရေးလှုပ်ရှားသူတွေက ထောက်ပြနေကြတယ်။ ဟုတ်ပြီ အဲ့တော့ အမေစု ပြောသလို
မွတ်စလင်အသိုင်းအဝိုင်းက ကြောက်ရွံ့နေမှု။ နောက်တစ်ခုက ဗုဒ္စဘာသာအသိုင်းအဝိုင်းက
ကြောက်ရွံ့မှုကျတော့ ပုံစံတမျိုး။ ကမ္ဘာနေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့်
ဘာသာခြားအသိုင်းအဝိုင်းကို စိုးရိမ်ထိတ်လန့်မှုက နဂိုရှိရင်းကြောက်ရွံ့မှုအဖြစ်ကိန်းအောင်း
နေတယ်။ ဒီအပြင် မသေချာသော ကိန်းကဏ္ဍန်းအချက်အလက်တွေနဲ့ နောက် နှစ်ပေါင်း ဘယ်
လောက်ဆိုရင် မြန်မာနိုင်ငံကြီးကဘာသာခြားနိုင်ငံဖြစ်သွားမယ်ဆိုတဲ့ ဟောပြောမှုတွေ၊ တေးသီ
ချင်းတွေ ၊ရေးသားမှုတွေကြောင့် စိုးရိမ်ကြောက်ရွံ့မှုက ဗုဒ္စဘာသာအသိုင်းအဝိုင်းမှာ ကြီးထွားလာတယ်။ ကြောက်ရွံ့မှုကနေ လက်ဦးမှုအဖြစ်အသွင်ပြောင်းလာကြတယ်။
လက်ဦးမှုခြင်း ထိပ်တိုက်တွေ့လိုက်တော့ မဆုံးနိုင်တဲ့ ပဋိပက္ခတွေနဲ့ မြို့လည်ခေါင်ဒုက္ခသည် စခန်းတွေသာ အရုပ်ဆိုးအကျည်းတန်စွာနဲ့ တစ်မြို့ပြီး တစ်မြို့ပေါ်ပေါက်လာပါရောလား။

အမေစုပြောသွားတာ ဘယ်လောက် ပါးနပ်လိုက်သလဲ။ ဦးဝီရသူကဲ့သို့သော အမျိုးသားရေး စိတ်ဓါတ်လွန်ကဲနေတဲ့ ၉၆၉ လှုပ်ရှားမှုမျိုးကို ဘယ်လိုသဘောထားလဲဆိုတော့ " ဒီ့အပေါ်မှာ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ အမြင်ကို မေးနေမယ့်အစား အစိုးရရဲ့ မူဝါဒ ဘယ်လိုရှိသလဲဆိုတာကို မေးသင့်ပါတယ်..." တဲ့.......

ဟုတ်တယ်လေ။အစိုးရရဲ့  မူဝါဒ ဘယ်လိုရှိတယ်၊ ဒီဖြစ်ရပ်တွေကို ဘယ်လို သဘောထားတယ်၊
နောက်ကွယ်မှ ကြိုးကိုင်နေသူတွေကို ဖေါ်ထုတ်ဖို့ ဘာလို့ ဒီလောက်ကြာနေတယ်ဆိုတာ
အမေစုက ဘယ်လိုလို့ သိနိုင်မှာလဲ။ နော့ ...........

မိုးဝေသော်

Thursday, October 24, 2013

သူခိုးက သူခိုး..... အမျိုးက အမျိုး...

ယနေ့ အမှတ်တမဲ့ကြားလာခဲ့ရသောစကားတစ်ခွန်း......

ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင်ဖြစ်သည်။

" ၂၀၁၅ ကို စိတ်ဝင်စားတယ်..အမေစုကိုပဲ သမ္မတ ဖြစ်စေချင်တယ်..
အမေစုနဲ့ပတ်သက်ပြီး ကျန်တာဘာမှ မသိဘူး.... ဗိုလ်ချုပ်အောင်ဆန်း
သမီးဆိုတာပဲ သိတယ်........ သူကတော့ ငါတို့ကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး" တဲ့...

ဒါ နိုင်ငံရဲ့ လူများစုဖြစ်တဲ့ အခြေံလူတန်းစားတွေရဲ့ ရင်တွင်းစကားနော်........
နှစ်ပေါင်း (၅၀) ကျော် လိမ်ခဲ့၊ညာခဲ့၊ ရွှီးခဲ့သူတွေ အထုတ်သာပြင်ထားကြတော့.......

*************************************************
ဒီမြို့နယ်လေးက အတော်သဘောကျဖို့ကောင်းတယ်ဗျ။ ကြားဖြတ်တုန်းက အမေစုကိုယ် တိုင် လာဟောပြောခဲ့တဲ့ ရန်ကုန်ထဲက မြို့နယ်လေးပေါ့။တိုက်ခန်းတွေကြီးပဲ ရှိတဲ့ ရပ်ကွက်လေးဘေး နားမှာ လက်လုပ်လက်စားလူတွေအများစုနေတဲ့ ခရိုးခရိုင် ရပ်ကွက်လေးတစ်ခုက ကပ်လျက် တည်ရှိနေတယ်။လူမျိုးစုံရှိပြီး ပညာအခြေခံနည်းတဲ့ နေရာလေးဆိုတော့ ဟိုပါတီကြီး အကြိုက်ပေါ့။သူတို့ က အမာခံအဖြစ်သဘောထားပြီး လမ်းတွေခင်း၊ မီးတွေသွယ်၊ တစ်အိမ်ထောင်သုံးထောင်တွေပေး၊ ကွန်ကရစ်လမ်းကျယ်ကြီးခင်းလိုက်တာများ မုဒ်ဦးကြီးကို
ဟီးနေအောင် ထောင်ပေးထားတာ။ အမေစုလာတဲ့နေတုန်းကလည်း ဘီအမ်ကားကြီး
တွေစီစဉ်ပေးပြီး ဘုရားဖူးဆိုပြီးအခမဲ့ပိုဆောင်ပေးတဲ့အပြင် ငွေသုံးထောင်ပါ အဆစ်
ထည့်ပေးသေးတယ်။ အမေစု ဟောပြောပွဲလူနည်းအောင်လုပ်တာလေ။ တကယ် လည်း မဲ ပေးရော..... အဲ့ရပ်ကွက်ရဲ့ ၈၀ ရာခိုင်နုန်းလောက်က NLD ကိုပဲမဲပေးလိုက်တယ်... မှတ်ကရော........... ပေးတာယူ .....ကျွေးတာစားတယ်........ဒါပေမယ့် သူခိုးက သူခိုး.... အမျိုးက..... အမျိုး........ သိတာပေါ့..ခွဲခြားတတ်တာပေါ့...ဗိုလ်ချုပ်ရင်သွေး..... အမေစု ဆိုတာ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်လို့ အမျိုးလိုဖြစ်နေတာ။ သွေးပြောတာကို ယုံကြတယ်။

မိုးဝေသော်

Tuesday, October 22, 2013

လက်မဲကြီး



ကျွန်တော် ဒီအကြောင်းတွေပဲ ရေးနေရတာအကြောင်းရှိသည်။ ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်
ကို တစ်ကမ္ဘာလုံးဆွတ်ယူစားသောက်နေချိန်တွင် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ဆာလောင်
မွတ်သိပ်စွာ တောင်းဆိုစောင့်စားခဲ့ရတာ နှစ်ပေါင်း (၅၀) ကျော်ပင်။ ပြောရရင် မျိုးဆက် (၂)
ဆက်စာလောက်စောင့်စားနေခဲ့ရတယ်။ ယခုသော် ရောင်နီလင်းစပြုလာချိန်တွင် နောက်ကွယ်မှ
လက်မဲကြီးများစွာတို့ဖြင့် လူထု၏ အမြင်အာရုံတို့ကို ဝေဝါးသွားစေရန် စနစ်တကျဖြင့် ကာဆီး
ရန်ကြိုးစားလာကြသည်။ဒီနေရာမှာ နောက်ကြောင်းပြန်လှည့်မှာတို့ စစ်တပ်ကအာဏာပြန်သိမ်း
မှာတို့ စသည့် ရိုးအီနေပြီး လူကြိုက်နည်းတဲ့ ကစားကွက်အကြောင်းခေါင်းထဲက ထုတ်ထားပြီး
ကစားကွက်အသစ်တွေ စဉ်းစားကြည့်ကြရအောင်။

ဖြစ်စဉ် (၁)

တမင်ရည်ရွယ်ရင်းမဟုတ်နိုင်သော်လည်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို အကြောင်းပြုပြီး
အမျိုးသားရေးလှုပ်ရှားမှုတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ အားကောင်းလာကြသည်။
ကိုယ်တိုင်လည်း အမျိုးသားရေးစိတ်ဓါတ်ထက်သန်သူဖြစ်သောကြောင့် လက်ခုပ်တီးပေး
ရုံသာ ရှိသော်လည်း အဆိုပါ လှုပ်ရှားမှုများမှာ များမကြာမီပင် လမ်းကြောင်းပြောင်းလဲ သွား သည်ကို အထင်အရှားတွေ့မြင်နေရသည်။ NLD နှင့် အမေစု ကို သိသိသာသာပင် ထိပါးစော် ကား တိုက်ခိုက်လာကြသည်။ မွတ်ဒေါင်းပါတီ ဆိုပြီး သမုတ်ခဲ့ကြသည်။ အာဏာရပါတီနှင့်  ပတ်သက်ပြီး လေသံ တစွန်းတစမျှပင်မဟ။ ဟောပြောပွဲများ၊စည်းရုံးပွဲများလက်မှတ်ထိုးပွဲ များ ၊တရားပွဲများဖြင့် လူထု ၏ အမြင်အာရုံကို ဖမ်းစားထားကြသည်။မျိုးစောင့်ဥပဒေ ကို ကန့်ကွက်ပါက မဲမရအောင်လုပ်မည်ကဲ့သို့သော် ခြိမ်းခြောက်အကြပ်ကိုင်မှုများကိုလည်း  လူသိထင်ရှား ပြောဆိုလာကြသည်။

ဖြစ်စဉ် (၂)

၂၀၁၅ အလွန်သမ္မတဖြစ်နိုင်ချေရှိသော ပုဂ္ဂိုလ်မှာ လက်ရှိ (၂) ဦးသာရှိနေပါသည်။ ဦးသိန်းစိန်   နှင့်ဦးရွှေမန်းပေါ့။ အခြေခံဥပဒေကို သာ အောင်မြင်စွာ ပြင်နိုင်ခဲ့မည်ဆိုလျှင် အမေစုပါ သမ္မတ ဖြစ်နိုင်သည်။ ၂၀၁၅ ရောက်ရန်အတွက်လည်း လပေါင်း (၂၅) လစွန်းစွန်းသာကျန်တော့ သည်။ လူထုတစ်ရပ်လုံး၏ စိတ်ဝင်စားမှုအလုံးစုံသည် အခြေခံဥပဒေပေါ်တွင်သာ အာရုံစိုက်နိုင် ရန်လည်းအထူးလိုအပ်နေပေသည်။ နိုင်ငံ၏ ကံကြမ္မာ၊ နောက်မျိုးဆက်တွေ၏ ကံကြမ္မာမှာ အခြေခံဥပဒေအပေါ်လူထုစိတ်ဝင်စားမှုနှင့် ပြုပြင်နိုင်ရန်အတွက် တက်ကြွစွာ ဝိုင်းဝန်းတောင်းဆို ဆန္ဒပြုရန်အထူးလိုအပ်နေချိန်လည်းဖြစ်သည်။ NLD ၏ အသိပညာရှင် အတတ်ပညာရှင် များစွာထဲမှ ရှေ့ နေကြီးဦးကိုနီကို အခြေခံဥပဒေပြုပြင်ရေးနှင့်ပတ်သက်ပြီး တာဝန်ပေးထား ခဲ့ သည်။ ဦးကိုနီနှင့် ဥပဒေရေးရာများအကြောင်းကို သူ့ရေးတဲ့စာတွေဖတ်ဖူးတဲ့သူများ၊သူ့ သင်တန်းတွေ မှာ တက်ရောက်ခဲ့ဖူးသောဥပဒေကျောင်းသားများ ကောင်းစွာသိပါသည်။ ဒီအချိန် မှာ အမျိုးသားရေးဝါဒီတို့ တစ်စခန်းထလာပြန်ပါသည်။ ဦးကိုနီကို ဘာသာခြားမို့ ပြုပြင်မည့် အခြေခံဥပဒေဟာလည်း သူ့ဘာသာ သူ့လူမျိုးအကျိုးစီးပွားအတွက်သာဖြစ်မည်ဟု မှိုင်းတိုက် လာ ကြပြန်ပါသည်။NLD သာ အာဏာရလာခဲ့လျှင် မွတ်နိုင်ငံကြီးဖြစ်သွား လိမ့်မည် ဟု   ရေးသားဟောပြောစည်းရုံးမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင် လာကြပြန်ပါသည်။ ဘာသဘောတွေ  လည်းဆိုတာ စေ့စေ့တွေး ရေးရေးမြင်နိုင်ပါသည်။

ဖြစ်စဉ် (၃)

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအခြေခံဥပဒေပြုပြင်ရေးကိစ္စပေါ်ပေါက်လာချိန်တွင် နိုင်ငံရေး
စကားတွင်တွင်ပြောလာသည်ကို သတိထားမိသည်။အမျိုးသားရေးနှင့် နိုင်ငံရေးခွဲခြားမရဆိုပြီး အသံကောင်းဟစ်ကြပြန်ပါသည်။လွန်ခဲ့သော နှစ်ဆန်းပိုင်းလောက်ထိ နိုင်ငံရေးအခင်းအကျင်းမှာ
 ပြည်သူတစ်ရပ်လုံး၏တခဲနက်ထောက်ခံထားမှုများက NLD ပေါ်တွင်သာ စုပုံနေသည်။ ၂၀၁၅ အတွက်အဖြေပင် ထွက်နေလေပြီ။သို့သော် ဖြစ်ပေါ်လာသော အရေးအခင်းများ၊ပဋိပက္ခများနှင့် အခြားအရာများကြောင့် လူထု၏ အသိအမြင်အချို့ ဝေဝါးကုန်ကြပြီ။သမ္မတဖြစ်ချင်သူ သုံးဦးအကြောင်းပြန်ဆက်ပါဦးမည်။ သမ္မတဖြစ်လိုသူ သုံးဦးအနက်(၂) ဦးမှာ အာဏာရပါတီ တစ်ခု တည်းမှ ဖြစ်သည်။ ပါတီတွင်းမှာကိုပင် သမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းနိုင်   ရန် ပြိုင်ဆိုင်ရဦးမည့်သဘောပင်။ ထိုမှတဆင့် ဝင်ရောက်အရွေးချယ်ခံသော မဲဆန္ဒနယ်တွင် လည်းအနိုင်ရရှိရန် လိုအပ်နေသေးသည်။ ထိုအဆင့်မှာ ယခင်ကအတိုင်းဆို မလွယ်ပင်။ ကြားဖြတ်ရွေးကောက်ပွဲတွင်နေပြည်တော် မဲဆန္ဒနယ် (၄) နေရာက သက်သေပင်။  NLD ကို ယနေ့တိုင် တိုက်ခိုက်နေသော အမျိုးသားရေးဝါဒီတို့၏ ရည်ရွယ်ချက်ကို မှန်းဆမိလာသည်။ ၄င်းတို့သည် ဘာသာရေးရည်ရွယ်ချက်၊အမျိုးသားရေးရည်ရွယ်ချက်မဟုတ်   နိုင်ငံရေးရည် ရွယ် ချက်ဖြင့် တိုက်ခိုက်နေခြင်းသာဖြစ်သည်။

၂၀၁၅ အတွက် အခင်းအကျင်းသစ်ကို ကြိုတင် စိတ်ကူးမိသည်။ နယ်တွေမှာ စဖွဲ့နေတဲ့ ဝံသာနုရက္ခိတဆိုတဲ့ အသင်းတွေကနေ မကြာခင် နိုင်ငံရေးပါတီတစ်ခုလာဖြစ်ဖို့ များတယ်။ ခုလည်း နှပ်ကြောင်းပေးနေပြီပဲ။ကြိမ်းသေ မဲရနိုင်ချေရှိတဲ့ နေရာတွေကတော့ ယခုထိ ပဋိပက္ခ ဖြစ်ထားခဲ့တဲ့ နေရာတွေပေါ့။ တဖက်ကလည်း အခြေခံဥပဒေပြုပြင်ရေးကို ဆရာဦးကိုနီ ကိုအကြောင်းပြပြီးကန့်ကွက်ကြနဲ့ဆိုတော့အတော်ကြည့်ကောင်းတဲ့ပွဲပါ။ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ပိတ်ကားပေါ်မှာပဲဆက်ကြည့်ဖို့ရှိတော့တယ်။အခြေံဥပဒေ ပြုပြင်နိုင်ရင် အကျိုးရှိမှာ ပြည်သူတွေပဲဖြစ်သည်။ မပြုပြင်ပဲ ဒီလူတွေနဲ့ ဒီအတိုင်းပဲ ဆက်သွားနေရင်တော့ ဘယ်သူတွေ အကျိုးဆက်ရှိနေဦးမှာလဲ။တွေးစရာပင်။

လှည့်ကွက်တွေ၊ဆင်ကွက်တွေ၊ဖန်တီးထားတဲ့ကစားကွက်တွေကိုနားယောင်မိနေမယ်ဆို ရင်တော့ နောက်ငါးနှစ်ဆက်မှောင်နေရဦးမှာပဲ။ သမ္မတဖြစ်ထိုက်သူသုံးဦးထဲမှာ အမေစုလောက် ဘယ်သူ့ကို ယုံကြည်မလဲဆိုတဲ့ မေးခွန်းပဲ ကိုယ်တိုင် ပြန်မေးပြီး တိုင်းပြည်၏ ကံကြမ္မာ၊ အနာဂါတ်မျိုးဆက်တွေရဲ့ ကံကြမ္မာက သင်ကိုယ်တိုင်၏ လက်ထဲတွင်သာ ရှိသည်မို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေရန် ရည်သန်ရေးသားလိုက်ရပါသည်။

မိုးဝေသော်

၂၀၀၈ ခုနှစ်က အလိုမတူပဲ ၉၂ ရာခိုင်နုန်းကျော် စာရင်းထဲပါသွားသော သင့်မဲဆန္ဒတစ်ခုအတွက် သင့်မှာ တာဝန်သည်။


သော့အထပ်ထပ်ခပ်ပိတ်ထားပြီးသံကွန်ခြာခုနှစ်ထပ်နဲ့အုပ်ထားသောစာအုပ်အစိမ်းကြီးကို
 ပြည်သူတွေကမနှစ်မြို့တော့ကြောင်းစကားတွေ ကျယ်ကျယ်လောင်လောင်ကြားလာ ရပြီ။ ကျယ်လောင်မြည်ဟီးလုမတတ်ဖြစ်စပြုနေသောပြည်သူ့အသံတွေက တုန်ခါပေါက်ကွဲခဲ့သော ဗုံးသံတွေကြောင့် အနည်းငယ်မှေးမှိန်သလိုဖြစ်သွားသည်။သို့သော် ကျွန်တော်တို့ မျက်ခြေပြတ် ၍မဖြစ်ပေ။ အခြေခံဥပဒေပြင်ဆင်ရေးဆိုသော ပန်းတိုင်ကို မျက်ခြေပြတ်ခံ၍ လုံးဝမဖြစ်ပေ။
မျိုးဆက်သစ်တွေ၏ အနာဂါတ်အတွက် ကိုယ်တိုင် ဖန်တီးတည်ဆောက်ယူရမည့် အချိန် လည်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော် အမတ် ၇၅ ရာခိုင်နုန်းလိုတယ်ဆိုတာတော့ အားလုံး အသိ ပင်။ သို့သော် လစ်လပ်အမတ်နေရာတွေဖယ်လိုက်မယ် ဆိုလျှင် ပြည်သူ က ရွေးချယ် တင်မြှောက်ထားသောကိုယ်စလှယ်သက်သက်မှာကို ၇၅ ရာခိုင်နုန်းမပြည့်မီတော့ပေ။
ကျန် ၂၅ ရာခိုင်နုန်းက ရွေးချယ်ခံမဟုတ်သော တိုက်ရိုက်ခန့်တပ်မတော်သား ကိုယ်စလှယ် များ။  " ဒီနေရာမှာ နည်းနည်းတော့မူမမှန်ပါဘူး။ ကောင်းမွန်တဲ့ အရာလည်းမဟုတ်ပါဘူး " လို့ လူဇင်ဘတ်နိုင်ငံမှာရောက်နေတဲ့ လူထုခေါင်းဆောင်၊ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်တွေကို ပြောခဲ့တယ်။

ဒီ့မတိုင်ခင် လွှတ်တော်ထဲမှာလည်း မေးခွန်းတွေမေးတာကြားခဲ့လိုက်တယ်။လစ်လပ်လွှတ်တော် အမတ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်ပေးဖို့ အစီစဉ်ရှိမရှိဆိုတွေ။ ဒီတော့   ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူ့ဘက်တော်သားအဖြစ်ပြောင်းလဲလိုက်တော့မယ်ရယ်လို့ ဘယ်ပါတီကဘယ်လိုနည်းနဲ့ အနိုင်ရလာတဲ့ လွှတ်တော်အမတ်ဖြစ်ဖြစ် သမိုင်းကြောင်းကောင်း
အောင်ရပ်တည်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင်တောင်မှ ၇၅ ရာခိုင်နုန်းမပြည့်နိုင်တော့ ဘူး။တစ်ခုတွေးစရာက လက်ရှိ လွှတ်တော်တက်နေတဲ့စာရင်းအရ ၇၅ ရာခိုင်နုန်းအကျော်လား (သို့) လွှတ်တော်ထဲက လွှတ်တော်အမတ်အားလုံးနဲ့ တပ်မတော်သားကိုယ်စလှယ်တစ်ဦး ပေါင်း ၇၅ ရာခိုင်နုန်းအကျော်လားဆိုတာ သိပ်တော့ နားမရှင်းသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်လက်ကျန်လပေါင်း(၃၀)အတွင်းအစိုးရကလည်းသမိုင်း ကြောင်းကောင်းအောင် ကြိုးစားလုပ်ဆောင်မယ်လို့ယုံကြည်ပါတယ်။ပြည်သူတွေဘက်ကလည်းမလွဲမသွေဆောင် ရွက်ရ မည့်ပြည်သူ့တာဝန်အဖြစ်အခြေခံဥပဒေပြင်ဆင်ရေးကိုအလေးနက်ထား တိုက်တွန်းလုပ်ဆောင် ပါဝင်လှုပ်ရှားဖို့လိုပါမယ်။အနာဂါတ်မျိုးဆက်တွေအတွက် လူအခွင့်အရေး၊ဒီမိုကစေီအခွင့်အရေး၊ တန်းတူအခွင့်အရေးတွေအတွက် လက်ရှိ ပြည်သူတွေရဲ့  ပခုံးပေါ်တာဝန်အသီး သီးရောက်ရှိ လာပါပြီ။၂၀၀၈ခုနှစ်ကအလိုမတူပဲ ၉၂ ရာခိုင်နုန်းကျော်စာရင်းထဲပါသွားသော သင့်မဲဆန္ဒတစ်ခု အတွက်လည်း သင့်မှာ တာဝန်ရှိနေသေးသည်။ ပြည်သူတွေလိုချင်တာဘာလဲဆိုတာပြရမည့် အချိန်လည်းဖြစ်သည်။အခြေခံဥပဒေပြင်ဆင်ဖို့ ပြတ်သားစွာ ထောက်ခံရမည့်အချိန်လည်းဖြစ်ပါ
သည်။ပြည်သူသာလျှင် အခရာဖြစ်မည့် အခြေခံဥပဒေဖြစ်ပေါ်လာရေးအတွက် ပြည်သူအားလုံး အသင့် ဖြစ်နေစေရန် ထပ်မံနိုးဆော်လိုက်ပါသည်။

မိုးဝေသော်

Monday, October 21, 2013

အွန်လိုင်းလေထန်ကုန်းဆီမီးငါးရာ (သီတင်းကျွတ်လပြည့်နေ့)

လေထန်ကုန်း ဆီမီးငါးရာ
ပြင်ဆင်တုန်း



လေနဲ့မိုးနဲ့ (၂) ပါးပြိုင်တဲ့ ဆီမီးမြိုင်မြိုင်

မြန်မာပြည် ငြိမ်းချမ်းပါစေကြောင်း